စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးကြိုးပမ်းမှုတွေ ရပ်တန့်အောင်အရေးယူဖို့ ထိုင်းအစိုးရစဉ်းစားနေ
2024.07.12

အာဏာသိမ်းစစ်ကောင်စီက ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုပြီး လက်နက်ဝယ်ယူဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်ရေးအတွက် ထိုင်းနိုင်ငံမှာရှိတဲ့ဘဏ်တွေ၊ ငွေကြေးစနစ်ကြီးကြပ်သူတွေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတွေက နည်းလမ်းတွေရှာဖွေနေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) နဲ့ ထိုင်းလွှတ်တော်လုံခြုံရေးကော်မတီတို့ ဇူလိုင် ၁၁ ရက်နေ့ ဘန်ကောက်မြို့မှာ တွေ့ဆုံစဉ်မှာ အခုလိုပြောကြားခဲ့တာလို့ RFA ညီနောင်သတင်းဌာန Benar News က ဖော်ပြပါတယ်။
စစ်ကောင်စီကို လက်နက်ခဲယမ်းနဲ့ နည်းပညာတွေ လွှဲပြောင်းပေးပို့နေမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ ထိုင်းအစိုးရကို တွမ် အင်ဒရူးက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ နိုင်ငံတကာဘဏ်စနစ်နဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ အဓိက ပံ့ပိုးပေးသူ ဖြစ်လာနေတယ်လို့ တွမ် အင်ဒရူးက ဇွန်လ ၂၆ ရက်နေ့က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက အခုလို လက်နက်တွေရယူနေတာတွေရပ်တန့်ဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ပိုမိုဆောင်ရွက်ကြဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို လက်နက်ခဲယမ်း လွှဲပြောင်းမှုတွေကို ဆန့်ကျင်တဲ့မူဝါဒကို စင်ကာပူအစိုးရက ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တဲ့အတွက် တရားဝင်ဘဏ်စနစ်နဲ့ စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေက လက်နက်နဲ့ ဆက်စပ်ပစ္စည်းတင်ပို့မှုဟာ ၂၀၂၂ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိခဲ့ရာကနေ တစ်နှစ်အတွင်း ၂၀၂၃ မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ လျော့ကျသွားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကာလအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံကို လက်နက်ခဲယမ်းတင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၆၀ ကနေ သန်း ၁၃၀ နီးပါးအထိ တိုးတက်မြင့်မားလာခဲ့တယ်လို့ တွမ် အင်ဒရူးက အစီရင်ခံစာထဲမှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံကို လက်နက်ခဲယမ်းတွေ မရောက်ရှိအောင် စင်ကာပူက ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တဲ့နည်းတူ ထိုင်းနိုင်ငံအနေနဲ့ အလားတူလုပ်ဆောင်ဖို့ တွမ် အင်ဒရူးက တိုက်တွန်းခဲ့ပါတယ်။