မြန်မာဒုက္ခသည် လျှောက်သည့်ကိစ္စများကို ထိုင်းအစိုးရ ပြန်ဆောင်ရွက်မည်
2011.04.18

ကျွန်မတို့အနေနဲ့ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထိုင်းအစိုးရဆီကနေ သတင်းကောင်း ကြားခဲ့ရပါတယ်။ မြန်မာဒုက္ခသည်အဖြစ် လျှောက်ထားသူ အမြောက်အမြားထဲက အရေအတွက် ကန့်သတ်ပြီး လက်ခံ စဉ်းစားမဲ့ အစီအစဉ် ပြန်စတော့မဲ့ အကြောင်းပါ။ အဲဒီကတဆင့် ဦးရေတွေ ထပ်ထပ်ပြီး တိုးသွားမယ် လို့ UNHCR အနေနဲ့မျှော်လင့်ပါတယ်။ ဒုက္ခသည် အဖြစ် လျှောက်ထားသူ ဦးရေ နှစ်သောင်းလောက် ရှိနေပြီး သူတို့တွေဟာ UNHCR ရဲ့အဖြေကို စောင့်နေကြပါတယ်လို့ ပြောသွားပါတယ်။
တကယ်တမ်း နှစ်နဲ့ချီ ကြန့်ကြာနေတာဟာ UNHCR ကြောင့် မဟုတ်ပဲ ထိုင်းအုပ်ချုပ်ရေး အဖွဲ့တွေဖက်က လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် ဖြစ်တယ်လို့ (UNHCR) ဗန်ကောက်ရုံးရဲ့ ပြောရေး ဆိုခွင့် ရှိသူKitty McKinsey က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၀၀ ခုနှစ်လောက်ကစပြီး ဒုက္ခသည်အဖြစ် လျှောက်ထားတဲ့ မြန်မာတွေဟာ UNHCR ရုံးကို တိုက်ရိုက် မသွားရပဲ နယ်စပ်မှာ ဖွင့်ထားတဲ့ ဒုက္ခသည် စခန်းတွေကနေတဆင့် ဖြတ်ရပါတယ်။ Provincial admission board လို့ ခေါ်တဲ့ ခရိုင်အလိုက် ထိုင်းအုပ်ချုပ်ရေးအဖွဲ့တွေက ဒုက္ခသည် အဖြစ် အသိအမှတ် ပြုရေးမပြုရေး ကိစ္စတွေကို ဆောင်ရွက်တာပါ။ ထိုင်းနိုင်ငံဥပဒေအရ UNHCR က အဲဒီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ရတာပါလို့ Kitty McKinsey က ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် စခန်းတွေက ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချ နေထိုင်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေဟာ အရှိန်အဟုန်မပြတ် ရှိနေတယ်လို့ Kitty McKinsey က ပြောပါတယ်။ အများစု ဟာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခွင့် ရတယ်လို့လည်း ဆိုပါတယ်။
မကြာသေးခင်ကပဲ ကရင်ဒုက္ခသည်တချို့ ဂျပန်နိုင်ငံမှာ အခြေချ နေထိုင်ဖို့ ဗန်ကောက် UNHCR ရုံးက စီစဉ်ခဲ့ပါတယ်။