စိန်ထည်တွေခိုးတယ်ဆိုတဲ့ မြန်မာအိမ်ဖော်ကိုရှာဖို့ ထိုင်းရဲတပ်ဖွဲ့ အကူအညီတောင်း
2016.12.15
ထိုင်းနိုင်ငံမှာ ထိုင်းအိမ်ရှင်ဆီကနေ ငွေသားနဲ့ ရွှေထည်၊ စိန်ထည်ပစ္စည်းတွေ ယူသွားတယ်ဆိုတဲ့ မြန်မာနိုင်ငံသား အိမ်ဖော်အမျိုးသမီးကို ရှာဖွေဖု့ိအတွက် ထိုင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့က နေပြည်တော်ကို စာပို့ထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။
အဲဒီအမျိုးသမီးကို တွေ့အောင်ရှာပေးဖို့ အကူတောင်းတဲ့စာကို ထိုင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့က MAT ကနေတဆင့် နေပြည်တော်ကို ဒီနေ့ပို့တာလို့ ဦးကျော်သောင်းက ပြောပါတယ်။
"ဒီကောင်မလေးကို တွေ့အောင်ရှာပေးဖို့အတွက် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နယ်ခြားဖြတ်ကျော် ရဲတပ်ဖွဲ့ရယ်၊ လူကုန်တားရယ်ကို ကျွန်တော် ၁၃ ရက်နေ့ကစပြီး ကျနော် သတင်းအချက်လက်တွေပို့ပြီး အကူညီတောင်းထားတယ်။ ဒီနေ့ဆိုလို့ရှိရင် ထိုင်းအစိုးရအဖွဲ့က အထူးထောက်လှမ်းရေးအဖွဲ့ကလည်း ကျွန်တော်တို့ဆီကနေတဆင့် နေပြည်တော်ကို အကူညီတောင်းတဲ့ စာပို့တယ်"
မြန်မာနိုင်ငံသား အိမ်ဖော်ကို ကူညီရှာပေးဖို့အတွက် ထိုင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့က MAT ကို အကူညီတောင်းတဲ့ စာထဲမှာ ယူရို ၁ သန်း ၊ ဘတ် ၇ သန်းနဲ့ စိန်ထည်ပစ္စည်းတွေပါတယ်လို့ ရေးထားတယ်လို့ ဦးကျော်သောင်း က ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာမှ အိမ်အကူအနေနဲ့ အလုပ်ဝင်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အိမ်ရှင်ကို ခွင့်တောင်းပြီး အပြင်ထွက်သွားရာကနေ ပြန်မလာတာလို့ အလုပ်ရှင်ကပြောတယ်လို့ သိရပါတယ်။
ပုံမှန်အားဖြင့် ထိုင်းနိုင်ငံက အိမ်ရှင်တွေဟာ အိမ်အကူတွေကို အလွယ်တကူ အပြင်ပေးထွက်ခိုင်းတာမရှိဘဲ အပြင်ထွက်ရင်လည်း အိတ်တွေကို အကုန်စစ်ဆေးပြီးမှ ထွက်ခွင့်ပေးတတ်တာကြောင့် အိမ်အကူက ဒီပစ္စည်းတွေ ယူတယ်လို့ပြောတာဟာ သံသယရှိစရာကောင်းတယ်လို့လည်း ဦးကျော်သောင်း ပြောပါတယ်။
အဲဒီ မြန်မာအိမ်ဖော်အမျိုးသမီးကို ဖမ်းဆီးဖို့အတွက် ထိုင်းရဲတပ်ဖွဲ့က ဆုငွေ ဘတ်တစ်သိန်း ထုတ်ထားပါတယ်။