အိမ်အကူလုပ်သားတွေ စေလွှတ်ဖို့ ညှိနှိုင်းနေ


2017.12.11
myanmar-maids-622.jpg စင်္ကာပူ ဈေးရုံတစ်ခုတွင် မြန်မာအိမ်ဖော်တွေကို လျော့ဈေးဖြင့်ရနိုင်ကြောင်း ကြော်ငြာထားစဉ်
Photo: Nicolas Axelrod

ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ထိုင်ဝမ်နိုင်ငံတွေကို MOU အိမ်အကူလုပ်သားတွေစေလွှတ်ဖို့အတွက် အစိုးရချင်း ဆွေးနွေးညှိနှိုင်းနေတယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ဒီနေ့ ပြောပါတယ်။

စေလွှတ်ပြီးတဲ့အခါ အလုပ်သမားတွေ ဥပဒေပါအခွင့်အရေးတွေရဖို့၊ ဆွေးနွေးမှုတွေပြုလုပ်နေတာလို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က အခုလို ပြောပါတယ်။

" MOU ထိုးဖို့ ကြိုးစားနေတုန်းပဲ၊ အဓိက တို့အလုပ်သမားတွေ ဥပဒေပါအခွင့်အရေးရဖို့လိုတယ်၊ အဖွဲ့တွေ ဆွေးနွေးနေဆဲပါပဲနော်၊ စင်္ကာပူကတော့ ၃ ဖွဲ့ပေါ့နော်၊ ထိုင်းကလည်း အခုဆွေးနွေးတာပေါ့နော်၊ ဟောင်ကောင် ကလည်း ဆွေးနွေးဆဲပါပဲ၊ ထိုင်ဝမ်လည်း ဆွေးနွေးဆဲပါပဲ၊ တချို့က ဆွေးနွေးတာတော့ကြာပြီ၊ အခုမှထဲထဲ ဝင်ဝင် ဆွေးနွေးဖြစ်တာပေါ့နော်"

၂၀၁၃ ခုနှစ်မှာ စင်္ကာပူနဲ့၊ ၂၀၁၄ ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံတွေကို MOU အိမ်အကူလုပ်သားတွေ စေလွှတ်ခဲ့ဖူးတာ ရှိခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိခဲ့ တာကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ရတာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့ ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ဝ ရက်နေ့က အတည်ပြုထားပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ငါးရာခိုင်နှုန်းထက်မနည်းဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတချို့မှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် လုပ်ကိုင်နေကြပြီး အများစုဟာ ရေလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသလို အမျိုးသမီးတွေဟာ အိမ်အကူလုပ်ငန်းတွေ လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် ကာကွယ်မှုတွေ လိုအပ်တာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စင်ကာပူနိုင်ငံမှာ အိမ်ရှင်က ရိုက်နှက်လို့ ပတ်ဝန်းကျင်ကို အကူအညီ တောင်းတဲ့ မြန်မာအိမ်အကူ အမျိုးသမီးရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး ဗီဒီယိုဖိုင်ထဲမှာ သူအရိုက်ခံရတဲ့အကြောင်းနဲ့ စင်ကာပူမှာရှိတဲ့ အစ်မဖြစ်သူကို ဆက်သွယ်ချင်တဲ့အကြောင်း အိမ်နီးနားချင်းအမျိုးသမီးတွေကို အကူ အညီတောင်းနေတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။