အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရဲ့ ပြစ်ဒဏ်တွေကို ပြင်ဆင်ပြဋ္ဌာန်း

RFA Burmese
2024.09.26
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရဲ့ ပြစ်ဒဏ်တွေကို ပြင်ဆင်ပြဋ္ဌာန်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးကျေးရွာသား ၁၈ ဦးအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်ကောင်စီမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနှင့် ဖမ်းဆီးခဲ့စဉ်။
Citizen Photo

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်လိုက်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ) နဲ့ ပုဒ်မ ၅၃ တို့ကိုပြင်ဆင်လိုက်တာပါ။

ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ) မှာ လူအများအပြားသေကျေနိုင်တဲ့ လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးအရ အရေးယူဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရေး ဆောင်ရွက်ဖို့ အစီအမံတွေ ချမှတ်ဖို့ ဆိုတာကို ထပ်မံထည့်သွင်းပြဋ္ဌာန်းလိုက်ပါတယ်။

ပုဒ်မ ၅၃ မှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ၊ လိုက်နာဖို့ ပျက်ကွက်သူတွေကို နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ကျပ်သိန်းတစ်ရာထက်မပိုတဲ့ ငွေဒဏ် (ဒါမှမဟုတ်) ဒဏ်နှစ်ရပ်လုံးကို ချမှတ်ရမယ်လို့ ပြင်ဆင်လိုက်ပါတယ်။

ကုမ္ပဏီ (ဒါမှမဟုတ်) အဖွဲ့အစည်းက ပြစ်မှုကျူးလွန်တာဆိုရင် အနည်းဆုံး ကျပ်သိန်းနှစ်ရာကနေ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ငွေဒဏ်ရမှတ်ရမယ်လို့လည်း ပြဋ္ဌာန်းလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ဒုတိယအကြိမ်ပြင်တင်တဲ့ ဥပဒေလို့ ခေါ်ရမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ ပြင်ဆင်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ်ထပ်မံပြင်ဆင်တာဖြစ်ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့တွေအဖြစ်သတ်မှတ်ကြေညာခဲ့ပါတယ်။

အလားတူ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်လိုက်တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီက ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။