ရန်ကုန်မှာ လမ်းသွားလမ်းလာ လူငယ်ဆယ်ဦး ဖမ်းဆီးခံရကြောင်း မြို့ခံတွေပြော
2024.05.19

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နဲ့ လှိုင်မြို့နယ်အတွင်းက လမ်းသွားလမ်းလာ လူငယ်ဆယ်ယောက်ကို မေလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ်အတွင်းရှိတဲ့ အမျိုးသားတွေဖြစ်ပြီး နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။
မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာ လှိုင်မြို့နယ်အတွင်းက လမ်းသွားလမ်းလာ လူငယ်သုံးဦးနဲ့ ညရှစ်နာရီခန့်မှာ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ ကားမှတ်တိုင်က လူငယ်ခုနစ်ဦးကို ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က ကင်းလှည့်နေတဲ့ကားတွေပေါ် ဆွဲတင်သွားတာပဲ။ ဘယ်ကိုဖမ်းသွားတာလဲဆိုတာတော့ မသိရပါဘူး။ စစ်ကောင်စီ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲပုံရပါတယ်၊ သမိုင်းလမ်းဆုံမှတ်တိုင်မှာဆို လူငယ် မိန်းကလေးတွေလည်းရှိပေမဲ့ ယောက်ကျာ်းလေးပဲ ဆွဲခေါ်သွားတယ်"
ရန်ကုန်တိုင်းမှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ထံက ငွေကျပ်ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိပေးပြီး ရွေးယူနေရတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီလိုဖမ်းဆီးမှုတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၇ ရက်နေ့ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား ၂၆,၆၉၅ ဦး ဖမ်းဆီးခံထားရပါတယ်။