ကျောက်တော်နဲ့မြေပုံတိုက်ပွဲမှာ ဒေသခံ ၁၀ ယောက် ဒဏ်ရာရ
2019.12.28

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နား မြို့တွင်းဧရိယာထဲမှာပါဝင်တဲ့ မဟာကံကြီးရှင်ဘုရားမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားလေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ကျောက်တော် ဆေးရုံမှာဆေးကုသမှု ခံယူနေရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပြီး မျက်နှာ၊ ပေါင်၊ နံရိုးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
လက်နက်ကြီးပေါက်ကွဲသံတွေလည်းကြားရပြီး ဘုရားထဲကနေ ပစ်တဲ့ ကျည်တွေ ထိမှန်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။
“ပစ်ခတ်မှုက ဘယ်လိုပုံစံဖြစ်တယ်လို့တော့ပြောလို့မရဘူး။ အဲ့ဒီကံကြီးရှင်ဘုရားဖက်က ပစ်လိုက်တဲ့ ကျည်တွေပဲလို့ ကျောက်တော်မြို့ဒေသခံတွေက သိထားကြတယ်။ ဒီ ၉ နာရီခွဲကျော်ကျော်အချိန်ဆိုတော့ ပေါက်ကွဲမှုဖြစ်လို့ ရမ်းသမ်းပစ်လိုက်တာလားလို့ အဲ့လိုထင်တယ်ဗျ။ လက်နက်ကြီးလိုလိုဘာလိုလို ပေါက်ကွဲသံကြားရပြီး လက်နက်ငယ်အသံတွေ ထွက်လာတာပဲ။”
မဟာကံကြီးရှင်ဘုရားဝင်းအတွင်း တပ်မတော်က ဒီဇင်ဘာ ၂၇ ရက်နေ့ကတည်းက တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မြို့လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်အဖွဲ့ကို AA ဖက်က ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်တာလို့ RFA ကိုပြောပါတယ်။
“ထိခိုက်ဒါဏ်ရာ ရှိမရှိတော့မသိဘူးဗျ၊ ဘုရားမှာ မြို့လုံခြုံရေး တာဝန်ထမ်းဆောင်နေတာကို AA က နေရာ သုံးခုကနေ ပစ်တာ သူပစ်ကိုယ်ပစ်ပြန်ပြစ်တာပဲ မြို့ထဲမှာ လာပစ်တယ်ဆိုရင်တော့ ဒီလိုပဲမှန်မှာပဲ။ ဖြစ်တာ နာရီဝက်ကြာတယ်။”
မနေ့ညနေလေးနာရီလောက်ကလည်း မြေပုံမြို့နယ် ယောချောင်းတံတားအနီးမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျွဲကူးဆိပ်ကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ခြောက်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဘက်တိုက်ပွဲမှာ AA ပစ်လိုက်တဲ့ကျည်က ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို တပ်မတော်က ခေါ်ဆောင်သွားပြီး အမ်းမြို့နယ် တပ်မတော်ဆေးရုံမှာ ပို့ဆောင် ကုသပေးထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
"အရေးပေါ် ဆေးကုပေးတယ် ငွေကြေးထောက်ပံ့တယ်ပြီးတော့ တပ်မတော် အမ်းစစ်ဆေးရုံကို ခေါ်သွားတယ်လို့ သိရတယ်။ နာရေးကူညီမှုအသင်းနဲ့ လူနာတွေကို တင်ပြီး အမ်းမှာအခြေစိုက်တဲ့ တပ်မတော်ဆေးရုံကိုခေါ်သွားတယ်လို့ နောက်ဆုံးသတင်းရတာပဲ။"
ရွာထဲကျတဲ့ ကျည်ဟာ AA က ပစ်တဲ့ လက်နက်ကြီးကျည်လို့ တပ်က သတင်းထုတ်ပြန်ထားပေမယ့် AA ပြောခွင့်ရသူ ခိုင်သုခကတော့ တပ်ဘက်က ပစ်လိုက်တဲ့ ကျည်လို့ တုံ့ပြန်ပါတယ်။
ဒီနေ့ ရသေ့တောင်မြို့နယ် အငူမော်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးသူ ၈၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိနေပြီလို့ အရပ်ဘက်အဖွဲ့ စာရင်းတွေအရ သိရပါတယ်။