မတ်လအတွင်း တိုင်းနဲ့ ပြည်နယ်အချို့မှာ ပျမ်းမျှအပူချိန်မြင့်တက်နိုင်
2024.03.05
တိုင်းနဲ့ ပြည်နယ်အချို့မှာ မတ်လအတွင်း ပျှမ်းမျှအပူချိန် ၁.၅ ဒီကရီစင်တီဂရိတ်နဲ့အထက် အပူချိန်မြင့်တက်နိုင်ကြောင်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
မတ်လအတွင်းဖြစ်ပေါ်လာနိုင်တဲ့ အယ်လ်နီညိုရာသီဥတု အခြေအနေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက ထုတ်ပြန်သတိပေးထားတာပါ။
အယ်လ်နီညိုဖြစ်ပေါ်ချိန် မတ်လအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်၊ ကယား၊ မွန်ပြည်နယ်နဲ့ နေပြည်တော်တို့မှာ ပျမ်းမျှအပူချိန်ထက် ၁.၅ ဒီကရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာတော့ မတ်လရဲ့ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်မားတာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာနဲ့ မိုးခေါင်ရေရှားမှု စတဲ့အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ မတ်လ ၅ ရက်နေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ အမြင့်ဆုံးအပူချိန်အဖြစ် မန္တလေးနဲ့ နေပြည်တော်မှာ ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ ရန်ကုန်မြို့မှာ ၃၈ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။
၂၀၂၃ - ၂၄ ခုနှစ်တွေဟာ အယ်လ်နီညိုရာသီဥတုကြောင့် တစ်ကမ္ဘာလုံးအနေနဲ့ အပူချိန်စံချိန်သစ်တင်ခံစားရမယ့် နှစ်တွေဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း တစ်ကမ္ဘာလုံးမှာ အပူပြင်းဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။