မြန်မာနိုင်ငံမှာ ဆေးယဉ်ပါး တီဘီဝေဒနာရှင် သောင်းနဲ့ချီရှိ
2013.08.22

ချောင်းဆိုးသွေးပါရောဂါလို့ခေါ်တဲ့ တီဘီရောဂါေဝဒနာရှင် မြန်မာနိုင်ငံမှာ ၃ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းပြီး အဲဒီလူနာတွေထဲမှာ ဆေးမတိုးတော့တဲ့ေဝဒနာရှင် ၁ သောင်းခွဲလောက်ရှိမယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များ MSF အဖွဲ့ နိုင်ငံတကာ ဥက္ကဌ Dr. Unni Karunakara က RFA ကို ဒီနေ့ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက ဆေးယဉ်ပါးနေတဲ့ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို နယ်စည်းမခြားဆရာဝန်များ MSF အဖွဲ့က မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့နဲ့ပူးပေါင်းပြီး ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပနေ ပါတယ်။
မြန်မာနိုင်ငံမှာ တီဘီဝေဒနာရှင်တချို့ဟာ HIV ရောဂါနဲ့အတူ ခံစားနေရတာတွေရှိသလို၊ သူတို့ကို ကုသပေးဖို့အတွက် ဆေးဝါးကိရိယာရော၊ ကျန်းမာရေးဝန်ထမ်းတွေပါ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာသန္တာလွင်က RFA ကို ပြောပါတယ်။
၂ဝ၁၂ ခုနှစ်ကုန်ပိုင်းအထိ ဆေးယဉ်ပါးနေတဲ့ တီဘီရောဂါရှင် ၈ဝဝ ကျော်ကိုပဲ ကုသပေးနိုင်ခဲ့ပြီး အဲဒီလူနာတွေဟာလည်း ရန်ကုန်မြို့နဲ့ အနီးတဝိုက်ကပဲဖြစ်တဲ့အကြောင်း၊ ဒါ့အပြင် အခု ၂ဝ၁၃ ခုနှစ်မှာ လူနာ ၅ဝဝ အတွက်ပဲ ပေးစရာဆေးရှိတယ်လို့လည်း သိရပါတယ်။
ဒီနေ့စပြီးကျင်းပနေတဲ့ ဆွေးနွေးပွဲကနေ ဆေးယဉ်ပါး တီဘီရောဂါတိုက်ဖျက်နိုင်ဖို့ လူနာတွေကို စောင့်ရှောက်မှုနည်းလမ်းအသစ်တွေနဲ့ ကုထုံးသစ်တွေရရှိဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF နိုင်ငံတကာ ဥက္ကဌ ဒေါက်တာ Unni Karunakara ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။