တန့်ဆည်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ သုံးနေရာကို PDF တွေဝင်တိုက်
2023.11.22
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ နေရာ သုံးခုကို နိုဝင်ဘာ ၂၂ ရက်၊ ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးရဲ့ ဦးဆောင်မှုနဲ့ လက်အောက်ခံတပ်ရင်းတွေ အပြင် တန့်ဆည်မြို့နယ် (ပကဖ)၊ ဒေသအခြေပြုကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မနက် ၂ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အထက(၁)၊ ပြည်သူ့ဆေးရုံနဲ့ ဘောလုံးကွင်းဝင်း စတဲ့ သုံးနေရာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတယ်လို့ တန့်ဆည်အခြေပြုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကိုယ့်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သူတို့ (စစ်ကောင်စီ) တပ်စွဲထားတဲ့နေရာတွေကို ဝင်ပစ်တယ်။ တစ်နာရီတောင်မကြာဘူး။ သူတို့ဘက်က ပြန်ပြီးတော့ ခုခံပစ်တာမရှိဘူးဗျ။ သူတို့တပ်စွဲထားတဲ့ နေရာသုံးနေရာကို စွန့်ပစ်ပြီးတော့ အနောက်ဘက်က အဓိကစခန်းဘက်ကို ထွက်ပြေးရွှေ့သွားတယ်။ ထွေအုပ်ရုံးနဲ့ ရဲစခန်းဘက်မှာ ခံစစ်က အခိုင်အမာဆောက်ထားတယ်ဆိုတော့ အဲဒီထဲမှာပဲ အကုန်လုံးစုသွားတဲ့သဘောပေါ့"
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဘက် ရွှေဘိုခရိုင်တပ်ရင်း (၉) က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေအပြင် ပျူစောထီးအဖွဲ့တွေလည်း ပူးပေါင်းထားပြီး အင်အား ၁၃၀ ဝန်းကျင်ရှိနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြို့သိမ်းနိုင်တယ်ဆိုတာမဟုတ်ဘဲ အကာအကွယ်အခိုင်အမာရှိတဲ့နေရာကို စစ်ကောင်စီတပ်သားတွေ ဆုတ်သွားတာလို့ နောက်ထပ် တန့်ဆည်ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။
"မြို့သိမ်းနိုင်တဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ အခုက ထွေအုပ်နဲ့ ရဲစခန်းမှာပဲ စုသွားတာပါ။ အဲမှာက ဘန်ကာအခိုင်အမာရှိတယ် ဆိုတော့လေ။ အခုသတင်းတွေ တက်နေတဲ့ သိမ်းနိုင်ပြီးဆိုတာမဟုတ်သေးပါဘူး။ လောလောဆယ်ကလေ။ သုံးနေရာတော့ တိုက်ခိုက်နိုင်တယ်ပေါ့။ လောလောဆယ်တော့ မြို့ပေါ်မှာ ငြိမ်နေတယ်ဗျ။ သူတို့ဘက်က စစ်ကူလာနေတယ်လို့တော့ ကြားတယ်။ အဲကောင်တွေက တန့်ဆည်မြို့ထဲတော့ ရောက်လာတာမရှိသေးပါဘူး"
တန့်ဆည်မြို့ပေါ်က ပြည်သူအများစုကတော့ တိုက်ပွဲသတင်းတွေကြောင့် ကြိုတင် ရှောင်နေကြတဲ့အတွက် တိုက်ပွဲကြား ပိတ်မိတာမျိုးတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂၁ ရက် မနေ့ည ၈ နာရီမှာ တန့်ဆည်မြို့ပေါ်က နေအိမ်တချို့ကို မီးရှို့တာတွေရှိပြီး နိုဝင်ဘာလ ၂၀ ရက်ကလည်း စစ်ဘေးရှောင်ဖို့ ထွက်လာတဲ့ ပြည်သူဆယ်ဦးထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ပြည်သူအချို့ နိုဝင်ဘာလ ၂၂ ရက် ဒီနေ့အထိ ပြန်လွတ်၊ မလွတ် မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။