ရင်းနှီးမြှုပ်နှံမှု တိုးလာဖို့အတွက် အခွန်လျှော့ချပေးတာဖြစ်


2018.03.19
maungmaungwin-622.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို အခွန်လျှော့ချပေးတာဟာ အခွန်ပိုမိုရရှိမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုတိုး လာပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ လာရောက်ရှင်းပြစဉ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

"အခွန်ထမ်းဆောင်သည့် ယဉ်ကျေးမှု နည်းပါခဲ့သည့်အတွက် အခွန်ဥပဒေနဲ့အညီ အကြောင်းအမျိုးမျိုးကြောင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ခြင်း၊ အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေခဲ့ခြင်း၊ အခွန်စည်းကြပ်ရန် အမှန်ဝင်ငွေထက် လျော့နည်းပြီး အခွန်ပေးဆောင်ခဲ့ခြင်းများအတွက် ရည်ရွယ်ပြီးတော့ ၎င်းတို့ကို အခွန်သက်သာခွင့်ပေးပြီး အခွန်ပေးဆောင်စေခြင်းအားဖြင့် နိုင်ငံအတွက် အခွန်ဘဏ္ဍာ ပိုမိုရရှိနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုစေခြင်းမှတဆင့် နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း အရှိန်အဟုန်ရရှိလာစေရန် ရည်ရွယ်ပြီး တင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်"

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမြတ်အစွန်းပေါ်မှာ အခွန်ပေးဆောင်မထားတဲ့ ငွေကြေးတွေရှိနေတာ ဟာ တရားမဝင်နည်းလမ်းနဲ့ ရရှိတာမဟုတ်လို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းမှုမရှိဘူးလို့လည်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အခွန်အကောက်ဥပဒေကြမ်းပါ ပုဒ်မ ၂၅ မှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို ပထမ ၆ လမှာ ၃ ရာခိုင်နှုန်းနဲ့ ဒုတိယ ၆ လမှာ ၅ ရာခိုင်နှုန်းဆောင်ဖို့ ပါရှိပါတယ်။

အဲဒီအချက်ဟာ အခွန်ပုံမှန်ဆောင်သူတွေအတွက် နစ်နာသလို ငွေကြေးခဝါချမှုတွေ ရှိလာနိုင်တယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ဝေဖန်ထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒီအချက်အတည်ဖြစ်ရင် ဝင်ငွေလည်ပတ်စီးဆင်းမှု ပိုကောင်းလာမယ်ဆိုပြီး ကြိုဆိုကြပါတယ်။ မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၈ အခွန်အကောက်ဥပဒေကြမ်းကို တပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ် အတည်ပြုမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။