အခွန်အကောက်ဥပဒေကြမ်းကို ကိုယ်စားလှယ်တွေ ကန့်ကွက်
2018.03.08
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂၉ ယောက်က ဆွေးနွေးရာမှာ အများစုက ကန့်ကွက်ဆွေးနွေးကြပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှာ ပြန်လည်ကြား နာဖို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ပြောပါတယ်။
"အဆိုပါဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ အစီရင်ခံစာမှာပါဝင်တဲ့ ပြင်ဆင်အဆိုပြုချက် များ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြင်ဆင်ချက် အဆိုများနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း တပုဒ်ချင်းစီအလိုက် အဆုံးအဖြတ်ရယူခြင်း ဥပဒေကြမ်းတရပ်လုံးကို အတည်ပြုခြင်းအစီအစဉ်ကို လာမယ့် လွှတ်တော်အစည်းအဝေးများမှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်"
စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ရက်ကစပြီး ပထမ ခြောက်လမှာ ၃ ရာခိုင်နှုန်းနဲ့ ဒုတိယခြောက်လမှာ ၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ မူလဥပဒေကြမ်းမှာ ပါရှိပါတယ်။
ဥပဒေကြမ်းမှာပါတဲ့ ပုဒ်မ ၂၅ အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာမှာ ငွေကြေးခဝါချနိုင်မယ့် ဥပဒေလို့ ဆွေးနွေးတာရှိသလို စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုစေမယ်လို့ ထောက်ခံဆွေးနွေးကြ တာလည်း ရှိပါတယ်။
လက်ရှိဥပဒေအရ တရားဝင်လုပ်ငန်းတွေကို အခွန် ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံနေပြီး စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေကို ပထမ ၆ လမှာ ၃ ရာခိုင်နှုန်း ဒုတိယ ၆ လမှာ ၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ပါရှိပါတယ်။ အဲဒီအချက်ဟာ အခွန်ရှောင်မှုကို အားပေးတယ်လို့ ကိုယ်စားလှယ်အချို့က ဆွေးနွေးပါတယ်။