အစ္စလာမ်ဘာသာဝင် ၂၀ ဦးအမှု အပြီးသတ်လျှောက်လဲမယ့်နေ့ရက် ဆုံးဖြတ်
2014.12.29

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ် ဘာသာဝင် ၂၀ ဦးအမှုကို လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်တင် ဖို့ တောင်ကြီးခရိုင် တရားသူကြီးက ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက် တင်ရမှာဖြစ်ပေမဲ့ အမှုမှာပါတဲ့ ရှေ့နေ ၂ ဦး က လျှောက်လဲချက်ပေးဖို့ အဆင်သင့်မဖြစ်သေး တာကြောင့် နောက်ရုံးချိန်းကို သတ်မှတ်ပေးလိုက်တာ လို့ တရားစွဲခံရသူ ၂၀ ဦးထဲက ၁၂ ဦးအတွက် ဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
"ရှေ့နေကြီး ၄ အုပ်စုပါတယ်၊ ၄ အုပ်စုပါတဲ့အထဲမှာ အန်တီကလည်း အဆင်သင့်ဖြစ်တယ်၊ နောက်ရှေ့နေကြီးတစ်ယောက်လည်း အဆင်သင့်ဖြစ်တယ်၊ နောက် ဥပဒေအရာရှိဖက်ကလည်း အဆင်သင့်ဖြစ်တယ်၊ ကျန်တဲ့ရှေ့နေကြီး ၂ ဦးက အဆင်သင့်မဖြစ်သေးတဲ့အ တွက်ကြောင့် ရုံးချိန်းကိုထပ်တောင်းတယ်၊ အဲ့ဒါကြောင့်မို့ ၁ ရက်နေ့မှာ အပြီးသတ်လျှောက်လွှဲချက်ကို မဖြစ်မနေ အားလုံးတင်ပြရမယ်ဆိုပြီးတော့ တရားရုံးက ရုံးချိန်းပေးလိုက်တယ်"
တရားစွဲခံရသူ ၂၀ ဦးဟာ ပြည်ပ အစ္စလာမ်ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ကွန်ဟိန်းမြို့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
အဲဒီ ၂၀ ဦးထဲက ၇ ဦးဟာ အမှုနဲ့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တရားလိုရှေ့နေက ပြောပါတယ်။