တောင်ကုတ်က မြေသိမ်းခံတောင်သူတွေ လူထုလှုပ်ရှားမှုစတင်ဖို့ ဆုံးဖြတ်
2016.01.09
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ မြေယာတွေကို ပြန်လည်ရရှိဖို့ တောင်းဆိုရာမှာ လိုက်လျောမှုမရှိခဲ့ရင် လူထုလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ဒေသခံတောင်သူတွေက ဒီနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
မနေ့ကနေ ဒီနေ့အထိ နှစ်ရက်တာပြုလုပ်ခဲ့တဲ့ တောင်သူတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာလို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။
"ကျနော်တို့ ဆွေးနွေးရာမှာတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေပိုင်းကရော၊ နိုင်ငံတော် အကြီးအကဲတွေကရော ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြန်ရဖို့အတွက် စာနဲ့တင်ပြဖို့ လောလောဆယ် စီစဉ်နေ ပါတယ်၊ တောင်ဂုတ်ဒေသကနေပြီးတော့ မြေယာအမှုတွဲတွေ အမှု ၁ဝဝ ကျော်လောက်ရှိတာပေါ့နော် တင်ထားတာ၊ အဲ့ဒီအမှုတွဲတွေကတော့ အခုအချိန်မှာတော့ ကျနော်တို့ လယ်သမားအပိုင်းအနေ နဲ့ကတော့ စောင့်ကြည့်နေတာပေါ့နော်၊ စောင့်ကြည့်နေလို့ ဘယ်လိုမှ မထူးခြားဘူးဆိုရင်တော့ ဒါက လူထုလှုပ်ရှားမှုအနေနဲ့ပေါ့ ဆောင်ရွက်ကြဖို့ ဆိုတဲ့ဟာတွေတော့ ပြောကြပါတယ်"
တောင်ကုတ်မြို့နယ်မှာ တပ်မတော်အပါအဝင် ဌာနဆိုင်ရာအချို့က သိမ်းဆည်းထားတဲ့ မြေယာဧကပေါင်း ၃ဝဝ ကျော်ရှိပြီး သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးအတွက် တောင်သူ ၁ဝဝ ကျော်က နှစ်ရက်တာတွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြေယာတွေကို ပြန်လည်ရရှိဖို့ အထက်ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် ဖြေရှင်းလို့မပေးသေး တဲ့ မြေယာအမှုတွဲပေါင်း ၉ဝ ကျော်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒေသခံတောင်သူတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က တင်ပြထားပါတယ်။