တောင်ကုတ်မြို့နယ် ကင်းတောင်ရွာ ဗုံးကြဲခံရပြီး ငါးဦးသေဆုံး၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရ

RFA Burmese
2024.10.04
တောင်ကုတ်မြို့နယ် ကင်းတောင်ရွာ ဗုံးကြဲခံရပြီး ငါးဦးသေဆုံး၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဥ်။
Arkan Princess Media

Updated 5:45 PM, Oct 4, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းက ကင်းတောင်ရွာကို စက်တင်ဘာ ၄ ရက်နေ့ ဒီနေ့မနက် သုံးနာရီကျော်နဲ့ နေလယ်သုံးနာရီခွဲအချိန်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားငါးဦး သေဆုံးသွားပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်း ဗုံးကြဲခံရမှုမှာတော့ ကင်းတောင်ရွာ မီးသတ်ရုံးအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခံတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားတာပါ။

မနက်ပိုင်းကလည်း ဗုံးကြဲခံရလို့ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးမောင်လှတင်၊ ဒေါ်မြရီနဲ့ ဒေါ်မြကြည်တို့ နေရာမှာတင် သေဆုံးခဲ့ပြီး ရွာသားရှစ်ဦးမနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကင်းတောင်ရွာအရှေ့ဘက်က နေအိမ်တွေကို ဗုံးတစ်လုံး ကြဲချခဲ့တာလို့ အဲဒီအခြေအနေကိုသိတဲ့ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“နာမည်တွေတော့ မသိရသေးပါဘူး။ အိပ်နေချိန်မှာဆိုတော့ လေယာဥ် လာတာလည်း မကြားလိုက်ဘူးလို့ ပြောကြတယ်။ သေသွားတဲ့သူတွေက နေရာမှာတင်ပဲ ဆုံးသွားကြတယ်တဲ့။ ခြေတွေ လက်တွေ ပြတ်တာလည်း ရှိတယ်။ ကျွန်တော့်မိတ်ဆွေ ကိုစိုးထိုက်ရဲ့ ကလေးတွေအပါအဝင် လေးဦးလည်း ဗုံးစမှန်လို့ ဒဏ်ရာရကြတယ်”

ကင်းတောင်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းကနေ အရပ်သားတွေကို ဦးတည်ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းကလည်း တောင်ကုတ်မြို့နယ်နဲ့ ခုနစ်မိုင်ကျော်ဝေးတဲ့ ခေါင်းလောင်းတူ ကျေးရွာကို လေကြောင်းကနေ စစ်ကောင်စီ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာက စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံတွဲ၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ အရပ်သား ၉၃ ဦး သေဆုံးပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

(မှတ်ချက်။ ။ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာကို အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်း လေကြောင်းတိုက်ခိုက်မှုနှင့် သေဆုံး၊ ဒဏ်ရာရသည့် အချက်အလက်များကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။