ထောင်ချခံ ကန့်ဘလူလယ်သမား ၅၀ ကျော်ကို နယ်ဝေးထောင်တွေ ပြောင်းရွှေ့


2014.07.23
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ မြေတွေနဲ့ပတ်သက် လို့ ထောင်ချခံရတဲ့လယ်သမား ၅၆ ယောက်ရှိသွားပြီး၊ အဲဒီလယ်သမားတွေကို မိသားစုတွေနဲ့ဝေးရာ နယ်ထောင်တွေကို မနေ့က အသီးသီးခွဲပို့လိုက်တယ် လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထောင် ၃ နှစ် ချမှတ်ခံလိုက်ရတဲ့ ငှက်ပျောတိုင်းရွာက လယ်သမား ကိုထွန်းနိုင်ရဲ့ဇနီးက RFA ကို အခုလိုပြောပါတယ်။

"ကျမဟိုတစ်နေ့က သွားတွေ့တယ်ရှင့်၊ သွားတွေ့ တဲ့အခါကျတော့ ရွှေဘိုထောင်မှာပဲရှိသေးတယ်၊ ဒီနေ့မနက်ကျတော့  တောင်ငူဘက်ကို ပို့လိုက်တယ် လို့ ပြောတယ်ရှင့်၊ ကိုထွန်းနိုင်ကတော့ ၁၄ ရက်နေ့ကကျသွားတဲ့ ဦးဇော်မင်းနဲ့ တောင်ငူကို ပြောင်းပေးလိုက်တယ်လို့ ပြောတယ်ရှင့်၊ ကျန်တဲ့လူတွေက အတိအကျ စာရင်းမသိသေးဘူးရှင့်"

ကန့်ဘလူမြို့နယ် ခအုန်းသာ၊ ပေကြီး၊ ထောက်ရှာအိုင်၊ ငှက်ပျောတိုင်းရွာ အပါအဝင် အဲဒီဒေသတဝိုက်မှာ ပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးတပ်က လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က ကြံစိုက်ပျိုးရေး စီမံကိန်းအတွက် လယ်ယာမြေဧက တစ်သောင်းကျော်ကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလယ်တွေထဲက ပိုနေတဲ့မြေတွေကို ပြန်ပြီးလုပ်ခွင့်ပေးတယ်လို့ စစ်တပ်အရာရှိကြီးတစ်ဦးက ပြောသွားတဲ့ အတွက် မူလပိုင်ရှင်တောင်သူတွေက ဝင်ရောက်ထွန်ယက်လုပ်ကိုင်တဲ့အခါ စစ်တပ်ကနေ သီးစားငှားရမ်းလုပ် ကိုင်နေတဲ့ တောင်သူတွေက တရားလိုပြုပြီး မူလပိုင်ရှင်တောင်သူတွေကို  ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ အခုတရားစွဲခံနေရတဲ့ တောင်သူပေါင်း ၄၅၀ ကျော်ရှိတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်မှာ စစ်တပ်ကသိမ်းထားတဲ့မြေတွေနဲ့ပတ်သက်လို့ ထောင်ချခံရတဲ့ လယ်သမားတွေရဲ့ အခြေအနေ၊ စိုက်ခင်းတွေ ဖျက်ဆီးခံရတဲ့ အခြေအနေနဲ့ မိသားစုတွေ ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။