တောင်တွင်းကြီးဆူပူမှု နောက်ထပ် ၂ ဦးကို ဖမ်းမိ
2017.09.13

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးဖြစ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ထပ်မံဖမ်းဆီးထားတာကြောင့် လက်ရှိအချိန်ထိ ဖမ်းဆီးရမိထားသူ ၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဖမ်းဆီးရမိထားသူတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀၊ ၁၄၄၊ ၁၄၇၊ ၁၅၂ နဲ့ ၁၅၃ တို့နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ တောင်တွင်းကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် က ပြောပါတယ်။
"သံသယရှိတဲ့သူ ၂ ယောက် ထပ်ပြီးတော့ဖမ်းတယ်၊ ၇ ယောက်ရှိပါပြီ၊ မနေ့ကအထိပေါ့နော်၊ ပုဒ်မတွေတော့ တပ်လိုက်ပြီလေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၀၊ ၁၄၄၊ ၁၄၇၊ ၁၅၂ နဲ့ ၁၅၃ နဲ့ အမှုဖွင့်အရေးယူထားပြီ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့အဖွဲ့အစည်းမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေပေါ့နော်၊ သေစေ နိုင်တယ်၊ နာကျင်စေနိုင်တယ်၊ မတရားတားဆီးမှုတွေပေါ့၊ ဆူပူအုံကြွအောင်လုပ်တဲ့အမှုတွေချည်းပါပဲ။"
ဖမ်းမိထားသူတွေနဲ့ ဆက်စပ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့ည ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ တခြားသူတွေကိုပါ ဆက် လက်ဖော်ထုတ်သွားဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့ညက တောင်တွင်းကြီးမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ကို လူအုပ်စုတစ်စုက ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို ခဲတွေနဲ့ပစ်ပေါက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တချို့နဲ့ ဈေးဆိုင်စုစုပေါင်း ၈ ဆိုင်လောက် ထိခိုက်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့က ညတွင်းချင်း ဖမ်းမိခဲ့သူတစ်ဦးကို စစ်ဆေးရာမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို မကျေနပ်လို့ လုပ်ဆောင်တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။