တောင်တွင်းကြီး ဆူပူမှု သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထား

taungtwinkyi-unrest-622.jpg မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက လူစုလူဝေးဖြစ်ပွားနေသည်ကို တွေ့ရစဉ်
.

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ မနေ့ညက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ကို ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့သူတွေထဲက ၁ ဦးကို ညတွင်းချင်း ဖမ်းဆီးခဲ့ပြီး ဒီနေ့မနက်မှာ သံသယရှိသူ နောက်ထပ် ၄ ဦးကို တောင်တွင်းကြီးမြို့မ ရဲစခန်းက ဖမ်းဆီးထားပါတယ်။

ခဲနဲ့ ပစ်ပေါက်သူတွေဟာ မျက်နှာကို mask တွေ တပ်ထားသလို အိုးမဲတွေလည်း သုတ်ထားတာတွေ့ရပြီး တစ်ဦးကို ညတွင်းချင်း ဖမ်းဆီးထားရာကနေ နောက်ထပ် သံသယရှိသူ ၄ ဦးကို ဒီနေ့မှာ ထပ်မံဖမ်းဆီးထားတယ်လို့ တောင်တွင်းကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် က ပြောပါတယ်။

" ၇ ယောက် ၈ ယောက် လောက်ကနေစပြီး အယောက် ၃၀ လောက်ပေါ့နော်၊ Mask လေးတွေတပ်ထားတယ်၊ နောက်ပြီးတော့ အိုးမဲလေးတွေ သုတ်ထားတာလေးတွေလည်း တွေ့ရတယ်၊ နောက်ပြီးတော့ လူငယ်လေးတွေ ကိုလည်း တွေ့ရတယ်၊ ခဲနဲ့ပစ်တဲ့ကလေးကိုတော့ ညတွင်းချင်း ရဲကနေ ဖမ်းလိုက်ပါတယ်၊ နောက်ဒီနေ့ မနက်ပိုင်း ကို သံသယဖြစ်နေတဲ့ သိတဲ့သူ ၂ ယောက်ထပ်ပြီးတော့ ဆွဲထားတာရှိပါတယ်၊ နေ့လည်ပိုင်းလောက်မှာ နောက်ထပ် ၂ ဦး စုစုပေါင်း ၅ ဦးပေါ့။ "

မနေ့ည ၇ နာရီ ၄၅ မိနစ်လောက်က တောင်တွင်းကြီးမြို့ အုန်းတော ၁ ရပ်ကွက်က အစ္စလာမ်ဘာသာဝင် တစ်ဦးရဲ့ နေအိမ်ကို လူငယ် ၅၀ခန့်က ခဲတွေနဲ့ စတင်ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော်သီချင်းသီဆိုကာ ရွှေကြာအင်း ၁ ရပ်ကွက်က ဗလီကို ထွက်ခွာသွားတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ဗလီမှာ ပိတ်ဆို့ကာကွယ်ခဲ့ရတယ်လို့ အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ဗလီရဲ့မြောက်ဘက် တောင်တွင်း-မကွေးကားလမ်းမပေါ်မှာ ကျောက်ခဲတွေ၊ လေးခွတွေ၊ တုတ်တွေ၊ ဓါးတွေကိုင်ဆောင်ထားတဲ့ လူ ၇၀ လောက်ပါတဲ့ လူအုပ်စုအပြင် လာရောက်ကြည့်ရှုသူ ၄၀၀ လောက်က စုဝေး လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လုံခြုံရေးအဖွဲ့တွေက ဒိုင်းတွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး လူစုခွဲခဲ့ရတယ်လို့လည်း ပါရှိပါတယ်။

အဲဒီလိုဖြစ်စဉ်မှာ လူတွေ ထိခိုက်မှုမရှိခဲ့ဘဲ ညတွင်းချင်း ဖမ်းမိထားသူတစ်ဦးကို စစ်ဆေးရာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို မကျေနပ်လို့ လုပ်ဆောင်တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ခဲနဲ့ပစ်ပေါက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တချို့နဲ့ ဈေးဆိုင်စုစုပေါင်း ၈ ဆိုင်လောက် ထိခိုက်ပျက် စီးသွားပြီး ပျက်စီးမှု စာရင်းအသေးစိတ်ကို စိစစ်ဆဲဖြစ်တယ်လို့လည်း ဦးဝင်းမြင့်လှိုင် က ပြောပါတယ်။

တောင်တွင်းကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရက အလေးထားဆောင်ရွက်နေတဲ့အချိန်မှာ ဆူပူမှုတွေ၊ ပဋိပက္ခတွေဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူဖို့ ထုတ်ပြန်ထားပြီး ပြည်သူတွေအနေနဲ့ ဥပဒေနဲ့အညီ အေးချမ်းစွာ နေထိုင်ကြဖို့လည်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။