လယ်မြေအမှုအပေါ် ရေးသား မှုများ တောင်ငူမြို့ ဒေသခံများ ဆန္ဒပြ


2016.02.08

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ဒေသခံ ၄၀၀ လယ်မြေသိမ်းဆည်းခံရမှုတွေ၊ လျော်ကြေးပေးအပ်တာတွေနဲ့ ပတ်သက်ပြီး အလဲဗင်းသတင်းစာ မှာ ရေးသားဖော်ပြတာနဲ့ ပတ်သက်ပြီး ဆန္ဒပြကန့်ကွက်ကြပါတယ်။

လယ်သမားအရေးတွေကို ဦးစားပေးလုပ်ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီကို ထောက်ခံခဲ့ကြပြီး အလဲဗင်း ဂျာနယ်တိုက်က မြို့ခံသတင်းထောက်ဟာ သတင်းတွေကို တစ်ဖက်သတ် အမြင်တွေနဲ့ ရေးသားနေတာ ကြောင့် ဆန္ဒပြကြတာလို့ ဒေသခံတောင်သူ ကိုစောလေးခက် က ပြောပါတယ်။

"တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ကျနော်တို့တောင်သူတွေကို ထောက်ခံပေး ပြီးတော့၊ကျနော်တို့မြေလွတ်၊ မြေရိုင်းတွေသိမ်းထားတာကို ရအောင်ပြန်လုပ်ပေးတယ်၊ ဒါကြောင့်ဒီပါတီ ကိုထောက်ခံတယ်၊ အခုသတင်းသမားကို ဆန္ဒပြတာပါ၊ သူတို့ကတစ်ဖက်သတ်ကြီးရေးလို့လေ၊ သတင်း သမားကိုအဓိကထားပြီး ဆန္ဒပြတာပေါ့"

တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာမှာ ကောင်းမြန်မာအောင် ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့နဲ့ လျော်ကြေးရဖို့ အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာကို လက်ခံတဲ့ တောင်သူတွေ ရှိသလို သဘောမတူ တဲ့ တောင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကောင်းမြန်မာအောင် ကုမ္ပဏီက  လယ်ယာမြေဧက ၂၅၀၀ နီးပါးကို သိမ်းယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ လလောက်က ဧက ၅၀၀ ကျော် အတွက် လျော်ကြေးပေးပြီး ၁၈၀၀ ကျော်ကို တောင်သူတွေထံ ပြန်လည်ပေးအပ်ခဲ့ တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲဒီလို လျော်ကြေးနဲ့ လယ်ယာမြေ ပြန်လည်ပေးအပ်တာတွေနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ ဒေသခံတချို့ဟာ ကြားဝင်ညှိနှိုင်းပေးတဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားဖံ့ွဖြိုးတိုးတက်ရေး ပါတီကို ကန့်ကွက်ကြောင်း တစ်နေ့ က တောင်ငူမြို့မှာ ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

အလဲဗင်းဂျာနယ် မြို့ခံသတင်းထောက်ဟာ ကျေနပ်မှုမရှိတဲ့ ဒေသခံတွေရဲ့ သဘောထားအမြင်တွေကိုသာ တစ်ဖက်သတ် ရေးသားဖော်ပြခဲ့တယ်လို့ အခု ဆန္ဒပြတဲ့ တောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ပါတီဂုဏ်သိက္ခာကျဆင်းစေတာကြောင့် တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတောင်သူ လယ်သမားဖံ့ွဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဆန္ဒပြပွဲကို ပါတီဝင်တွေနဲ့ တောင်ငူမြို့နယ်အတွင်းက နဂါးမောက်၊ ထုံးဘို နဲ့ ကျောက်ပုထိုး စတဲ့ကျေးရွာတွေ က ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။