ဘာသာရေး ပဋိပက္ခ ဖြစ်မလာရေး တောင်ကြီး သံဃာတော်များ ဆွေးနွေး

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး ဘာသာရေးပဋိပက္ခအသွင်နဲ့ ကူးစက်ပြန့်ပွားမလာအောင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က သံဃာတော်တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

2012.06.11

မနေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့မှာရှိတဲ့ ကျောင်းတိုက် (၄) တိုက်က သံဃာ (၇၅) ပါးဟာ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ဘာသာရေး အဓိကရုဏ်းမျိုးဖြစ်ပွားမလာအောင် တရားဥပဒေအရ ဝိနည်းတော်အရ ကာကွယ်တုံ့ပြန်သွားဖို့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြတယ်လို့ လောကမာန်အောင်ကျောင်းတိုက် ဆရာတော် ဦးခေမာနန္ဒက အခုလို မိန့်ကြားပါတယ်။

"အစည်းအဝေးဆုံးဖြတ်ချက်က နောင်တွင် တိုင်းတစ်ပါးသား လူမျိုးခြားတို့က မိမိတို့၏ တိုင်းရင်းသားနှင့် ဘာသာ သာသနာအပေါ် စော်ကားပါက သက်ဆိုင်ရာ အစိုးရများထံ တင်ပြပြီး ဝိနည်းတော်ဥပဒေနှင့်အညီ အလျှင်အမြန် တုံ့ပြန်သွားရန်၊ နောက်တခါ တိုင်းတစ်ပါးက ငွေရှင် ကြေးရှင် ဓနရှင်များက လုပ်ပိုင်ခွင့်ရှိသူများနှင့် ပူးပေါင်းပြီး တိုင်းရင်းသားများအပေါ် ဗိုလ်ကျခြင်း၊ အမြတ်ထုတ်ခြင်း၊ ဥပဒေမဲ့ ပြုကျင့်ခြင်းများကို အမှန်တရားဖြင့် တုံ့ ပြန်သွားရန် ဆိုပြီးတော့ တို့အစည်းအဝေး ဆုံးဖြတ်ကြတယ်"

တောင်ကြီးမြို့မှာရှိတဲ့ သံဃာတွေ အခုလို တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ထုတ်ပြန် လိုက်ရတာဟာ အရင် ၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး မတိုင်မီ တောင်ကြီးမြို့မှာ အလားတူ အရေးအခင်းမျိုး ဖြစ်ပွားခဲ့တဲ့အတွက် ဒီအခြေအနေတွေကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ ဆရာတော် ဦးခေမာနန္ဒက ဆက်လက် မိန့်ကြားပါတယ်။

"အဲဒီလို အလားတူ ကိစ္စတွေ တောင်ကြီးမှာလည်း ဖြစ်ပေါ်နိုင်သည့်အတွက် အတတ်နိုင်ဆုံး မဖြစ်ပေါ်စေရန် တို့ဆွေးနွေး ဆုံးဖြတ်တိုင်ပင်ကြတယ်။ ၈၈ ကနေပြီးတော့ တောင်ကြီးမှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဆိုပြီးတော့ တို့ ဖြစ်ကြတယ်ကွ၊ ဖြစ်ကြတဲ့အခါမှာ တောင်ကြီးကနေပြီးတော့ တို့ ပြည်ဘက်ရောက် သွားတယ်။ ပြည်ကနေပြီးတော့ အောင်လံရောက်သွားတယ်။ အဲဒီကနေပြီး တခါပြန်ပြီးတော့ တစ်တိုင်းလုံး တစ်ပြည်လုံးဖြစ်တယ်။ အဲတော့ တောင်ကြီးကို ဒီလိုဖြစ်မှာ စိုးသည့်အတွက် ဘုန်းကြီးတို့ ကြိုပြီးတော့ ကာကွယ်တာပေါ့ကွာ"

သံဃာတော်တွေရဲ့ စုပေါင်းဆွေးနွေးပွဲကို တောင်ကြီးမြို့ လောကမာန်အောင်ကျောင်းတိုက်၊ အောင်မြေဘုံစံ ကျောင်းတိုက်၊ သီရိမင်္ဂလာ ရွှေမန်းကျောင်းတိုက်နဲ့ စိန်ပန်းကျောင်းတိုက်က သံဃာတော်တွေ ကြွရောက်ခဲ့ကြပြီး တစ်စုံတစ်ရာ အနှောင့်အယှက်မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောဒေသတွေမှာ ဖြစ်ပွားနေတဲ့ အမျိုးသားရေး တာဝန်အရပ်ရပ်အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့်တကွ စစ်ဘက်၊ ရဲဘက်၊ အရပ်ဘက် ဘက်ပေါင်းစုံက စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသားကောင်းများကိုလည်း လှိုက်လဲှစွာ ဂုဏ်ပြုကြောင်း ကြေညာချက် တစ်စောင် လည်း ထုတ်ပြန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။