တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်
2014.10.28

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ အင်အားတစ်ထောင်ကျော်ကို တာဝန်ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။
တန်ဆောင်တိုင် ပွဲတော်လုံခြုံရေးဆောင်ရွက်မှု အခြေအနေနဲ့ပတ်သက်ပြီး တောင်ကြီးမြို့၊ အမှတ် (၂) အခြေခံအထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာ ရဲမှူးကြီးမြင့်ထူး က အခုလိုပြောခဲ့တာပါ။
"ကျင်းပတဲ့အချိန်မှာ လုံခြုံရေးကိုတော့ ကျနော်တို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်တာဖြစ် ပါတယ်၊ ဆောင်ရွက်ချိန်မှာ ရှိနေတဲ့အင်အား အပြင် တောင်ကြီးတောင်းပိုင်းခရိုင်မှာရှိတဲ့ ၄ ခရိုင် အင်အားတွေကို ခေါ်ယူပြီးမှသာ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့နေရာ မှာလည်း ကျနော်တို့ လုံခြုံရေးကို အခြေ ၃ ခြေနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ သာမန်အခြေ လုံခြုံရေး၊ အရေးကြီးတဲ့လုံခြုံရေး၊ အရေးပေါ်လုံခြုံရေးဆိုပြီးတော့မှ ၃ ပိုင်းခွဲပြီးတော့ ကျနော်တို့ ဆောင်ရွက် တာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်တို့နဲ့ လုံခြုံရေးမှာဆိုရင်လည်း ကျနော်တို့အင်အားအပြင် စွမ်းအားရှင်တွေအပါအဝင် အင်အား ၁ဝဝဝ ကျော်နဲ့ပါ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်"
တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက် ညပိုင်းက အမှတ်(၂၁၂) ဆက်သွယ်ရေးတပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)နဲ့ မော်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။