စစ်ကောင်စီ စစ်ကြောင်းထိုးလို့ လောင်းလုံးဒေသခံထောင်ချီ ထွက်ပြေးနေရ
2023.12.28

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်းလမ်းအသုံးပြုပြီး စစ်ကြောင်းထိုးတာကြောင့် ရွာခုနစ်ရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ရေလမ်းနဲ့ ကုန်းလမ်းကပါ စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေထွက်ပြေးနေရတာလို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ရဲဘော်အေကေက ပြောပါတယ်။
"စစ်ကြောင်းထိုးတာ ကုန်းရော၊ ရေရော၊ ရွာတွေထဲရောက်လာတော့ ပြည်သူတွေက ရွာလုံးကျွတ်ပြေးနေရတာ၊ စစ်ကြောင်းနဲ့တိုးပြီး သက်ကြီးရွယ်အိုတွေလည်း အဖမ်းခံရတဲ့လူတွေလည်းရှိတယ်၊ အိမ်တွေလည်း မီးရှို့နေတာတွေလည်းရှိတယ်၊ အခုလက်ရှိက လောင်းလုံးနဲ့ နှစ်မိုင်ပတ်လည်က ရွာတွေကို စစ်ကြောင်းထိုးနေတာ"
စစ်သင်္ဘောတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ လက်နက်ငယ်တွေ တစ်နေကုန်ပစ်နေပြီး ပြင်းထိန်၊ လေးသွန်းခံ၊ ညင်းမော်၊ စစ်ပြဲ၊ ဝေဒီ၊ ကညုံကျွန်းနဲ့ ဂေါအင်း စတဲ့ရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ညနေက စစ်ပြဲနဲ့ လေးသွန်းခံရွာတွေကို စစ်ကောင်စီက မီးရှို့နေတယ်လို့လည်း တနင်္သာရီတိုင်းအခြေစိုက် မီဒီယာတွေမှာ ရေးသားထားပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က လောင်းလုံးမြို့အဝင်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာလို့လည်း ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သောင်းနှစ်ထောင်ကျော် (၈၂,၂၀၀ ဦး) ရှိပြီ ဖြစ်ပါတယ်။