တနင်္သာရီမြို့နယ်မှာ ရွာထဲကို လက်နက်ကြီးကျပြီး ဒေသခံ ငါးဦး ဒဏ်ရာရ
2023.07.05
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မော်တုံး (အရှေ့) ရွာထဲကို ဇူလိုင်လ ၃ ရက်ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အမျိုးသား သုံးဦးနဲ့ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရပါတယ်။ အမြောက်တပ်ဘက်က ပစ်လိုက်တာ။ ထိခိုက်ဒဏ်ရာရတဲ့အထဲ တံတားဆောက်လုပ်ရေး လုပ်နေတဲ့ သူတွေလည်းပါတယ်။ ဒဏ်ရာကတော့ ပြင်းထန်တာမျိုး မရှိပါဘူး”
ထိခိုက်ဒဏ်ရာရသူတွေရဲ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။
မော်တုံး (အရှေ့) ရွာအနီးအခြေစိုက်ထားတဲ့ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တနင်္သာရီမြို့နယ်ထဲမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ကမ်းတို၊ ရမ်းဖို၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်း စတဲ့ရွာတွေက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာ လာနိုင်တာကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်း၊ တနင်္သာရီ-ညောင်ပင်ကွင်းလမ်းတွေပေါ် ခရီးသွားလာရာမှာ သတိပြုကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။