တနင်္သာရီတိုင်းမှာ မြေဧက ၆ သိန်းကို အစိုးရ ပြန်သိမ်း
2016.09.29

တနသာၤရီတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လျှောက်ထားပြီး စိုက်ပျိုးမှု မရှိတဲ့ မြေလွတ်၊ မြေရိုင်းနဲ့ သစ်တောမြေ ဧက ၆ သိန်းကျော်ကို တိုင်းဒေသကြီးအစိုးရက ပြန်လည်သိမ်းယူသွားမယ်လို့ တိုင်းအစိုးရ အဖွဲ့က ပြောပါတယ်။
ဆီအုန်းနဲ့ ရော်ဘာစိုက်ပျိုးဖို့ လုပ်ကိုင်ခွင့်တောင်းခံထားတဲ့မြေတွေမှာ သတ်မှတ်ကာလအတွင်း အမှန်တကယ် အသုံးပြုထားခြင်းမရှိတဲ့အတွက် ပြန်လည်သိမ်းယူတာဖြစ်တယ်လို့ တနသာၤရီတိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်းထိမ်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောပါတယ်။
"ယခင်က သူတို့လျှောက်တုန်းကတော့ ဆီအုန်းတို့ ရော်ဘာတို့ စိုက်ဖို့လျှောက်တာ အမှန်တကယ်စိုက်ပျိုး ထားတဲ့ဟာက နည်းနည်းလေးပဲရှိတယ်၊ အခုသိမ်းတယ်ဆိုတဲ့ဟာက ကျန်တဲ့ဟာကိုသိမ်းတာ နည်းနည်းလေးပဲ စိုက်တယ်၊ လုံးဝမစိုက်ဘူး၊ တကယ်တော့ ဆီအုန်းစိုက်တယ်ဆိုတာကလည်း လမ်းမတန်းလောက်ပဲ သူတို့ ဟန်ပြလောက်ပဲစိုက်တာ နောက်များအများကြီးကျန်သေးတယ် လျှောက် ထားပြီး သူတို့မစိုက်လို့ပါ"
လုပ်ကိုင်ခွင့်ရယူထားပြီး လေးနှစ်အတွင်း အသုံးပြုထားခြင်းမရှိတဲ့ သစ်တောမြေဧက သုံးသိန်းခြောက်ထောင်ကျော် နဲ့ မြေလွတ်မြေရိုင်းဧက သုံးသိန်းသုံးသောင်းကျော်ကို ပြန်လည်သိမ်းယူမှာဖြစ်ပါတယ်။
အဲဒီ မြေတွေထဲက သစ်တောမြေတွေကို ပြန်လည်သိမ်းယူထားပြီးဖြစ်ပေမယ့် မြေလွတ်မြေရိုင်း အသုံးပြုခွင့်မှာ ဗဟိုအစိုးရက ခွင့်ပြုထားတဲ့မြေနဲ့ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုထားတဲ့မြေဆိုပြီး နှစ်မျိုးရှိတဲ့အတွက် ပြန်လည် သိမ်းယူဖို့ လုပ်ဆောင်နေပြီလို့ ပြောပါတယ်။