ဆီအုန်းမြေဧက ၂ သိန်းကျော်ကို ပြန်လည်သိမ်းယူမည်


2018.03.28
palm-622.jpg ဆီအုန်းစိုက်ပျိုးထားတဲ့ ခြံတစ်ခြံကို တွေ့ရစဉ်
Photo: naw pe tha law

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးခွင့် လျှောက်ထားပြီး မစိုက်ပျိုးနိုင်တဲ့ မြေဧက ၂ သိန်းကျော်ကို ပြန်လည်သိမ်းယူမယ်လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

ဆီအုန်းလုပ်ငန်းမှာ အကောင်ထည်ဖော်နိုင်မှု အားနည်းတာကြောင့် ခွင့်ပြုထားတဲ့ မြေဧကတွေကို ပြန်စီစစ်ပြီး ပြန်သိမ်းယူမှာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းက ပြောပါတယ်။

"ဆီအုန်းလုပ်ငန်းအခြေအနေက သူတို့က အကောင်ထည်ဖော်နိုင်မှုက နှောင့်နှေးနေတာပေါ့နော်။ နောက်ပြီးတော့ တိုင်းဒေသကြီးအစိုးရကလည်း ကြိုးပြင်ကာကွယ်တောလို့ သတ်မှတ်ထားတာရှိတယ်။ သစ်တောနဲ့ပေါင်းပြီးတော့။ အဲ့ဒီမူကြောင့် ကျနော်တို့က ကုမ္ပဏီတွေကလည်း အကောင်ထည်ဖော်နိုင်မှုမရှိဘူး။ မရှိတဲ့ကြောင့်မို့လို့ ကျနော်တို့ ခွင့်ပြုထားတဲ့ ဧရိယာပြန်လည်စိစစ်ပြီးတော့ ခွင့်ပြုထားတဲ့ ကုမ္ပဏီကပဲ ပြန်အပ်မယ့်သဘောပေါ့"

အဲဒီဆီအုန်းစီမံကိန်းထဲမှာ ပါဝင်တဲ့ မြေနေရာတွေဟာ ကြိုးပြင်ကာကွယ်တောဧရိယာထဲမှာ ပါဝင်နေတာတွေ၊ ဒေသခံတွေက ကန့်ကွက်နေတာတွေ၊ KNU လက်နက်ကိုင်အဖွဲ့က ဝင်ခွင့်မပြုတာတွေကြောင့် ကုမ္ပဏီတွေက ပြန်အပ်ဖို့ စီစဉ်နေတဲ့ နေရာတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

အဲဒီမြေနေရာတွေကို အရင် တိုင်းအစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်က အစောဆုံးခွင့်ပြုပေးခဲ့တာတွေလို့လည်း ပြောပါတယ်။

ကုမ္ပဏီတွေဟာ လုပ်ပိုင်ခွင့် ရယူထားတဲ့မြေဧကတွေရဲ့ ၁၅ ရာခိုင်နုန်းနဲ့ ၂၀ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။

ဆီအုန်းစိုက်ပျိုးမယ်ဆိုပြီး လုပ်ပိုင်ခွင့်ယူထားပေမယ့် သစ်ထုတ်လုပ်တာတွေရှိနေတယ်လို့ စိမ်းလန်းအမိမြေအသင်း က ပြီးခဲ့တဲ့ရက်ပိုင်းက အစီရင်ခံစာတစ်ခု ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီတွေဟာ အဲဒီလိုသစ်ထုတ်လုပ်ပြီး လုပ်ငန်းအတွက်နဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေအတွက် သုံးစွဲတာတွေ တွေ့ရတယ်လို့ ဒေါက်တာ ထွန်းထွန်းက ပြောပါတယ်။

ကုမ္ပဏီတွေဆီကနေ ပြန်သိမ်းယူမယ့် မြေဧကအတိအကျကို နောက်တစ်လလောက်မှာ သိရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။