တနင်္သာရီအစိုးရက စိုက်ပျိုးသူတွေကို မြေချပေးမည်
2018.04.26
တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းအစိုးရကချပေးထားတဲ့ မြေတွေထဲက မစိုက်ပျိုးနိုင်တော့တဲ့အတွက် ပြန်သိမ်းဆည်းထားတဲ့ မြေဧက တစ်သိန်းခွဲကို စိုက်ပျိုးလုပ်ကိုင်သူတွေအနေနဲ့ မြေလွှတ်မြေရိုင်းဥပဒေနဲ့အညီ လာရောက်လျှောက်ထားနိုင်တယ်လို့ တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက ပြောပါတယ်။
တကယ်စိုက်ပျိုးရေးလုပ်ကြမယ့်သူတွေအနေနဲ့ ဥပဒေနဲ့အညီ လျှောက်ထားနိုင်ကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရလက်ထက်က ချပေးထားတဲ့မြေတွေထဲက ကုမ္ပဏီတွေက မစိုက်ပျိုးနိုင် တာကြောင့် ပြန်လည်သိမ်းဆည်းထားတဲ့မြေဧက တစ်သိန်းခွဲရှိပါတယ်။ အဲဒီမြေတွေကို လုပ်ပိုင်ခွင့်ပြန်လည် ချပေးဖို့ဖြစ်ပြီး ဒေသခံတွေကို ဦးစားပေးချထားပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။
အရင်အစိုးရတွေ လက်ထက်က ကုမ္ပဏီ ၅၅ ခုကို မြေဧက ၁၇ သိန်းကျော်ချထားပေးခဲ့ပြီး မစိုက်ပျိုးနိုင်တာကြောင့် မြေဧက ၁၅ သိန်းနီးပါး ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။
ဒီပြန်လည်သိမ်းဆည်းထားတဲ့မြေတွေကို စိုက်ပျိုးလုပ်ကိုင်လိုသူတွေအနေနဲ့ ၂ဝ၁၂ ခုနှစ် မြေလွတ်မြေလပ်နဲ့ မြေရိုင်းများစီမံခံခွဲရေးဥပဒေနဲ့အညီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှာ လျှောက်ထားနိုင်ကြောင်း တနင်္သာရီတိုင်းအစိုးရဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။
ဒီပြန်ပေးတဲ့မြေတွေထဲမှာ ထားဝယ်ခရိုင်မှာ မြေဧက ၄ သောင်းနီးပါး၊ မြိတ်ခရိုင်မှာ မြေဧက ၉ သောင်းနီးပါးနဲ့ ကော့သောင်းခရိုင်မှာ ၅ သောင်းကျော်ရှိပါတယ်။