ရွှေကမ္ဘောဇကုမ္ပဏီ လုပ်ငန်းမလုပ်တော့တဲ့ မြေတွေပြန်ပေးဖို့ တောင်းဆို
2018.07.08

တနင်္သာရီမြို့နယ်အတွင်း ရွှေကမ္ဘောဇကုမ္ပဏီ သိမ်းယူထားတဲ့ မြေဧကပေါင်း ၁၃၀၀ ကျော်ထဲက လုပ်ငန်းအကောင် အထည် မဖော်တဲ့မြေတွေကို မူလတောင်သူတွေထံ ပြန်ပေးဖို့ လူဦးရေ တစ်ထောင်ကျော်က ဒီနေ့ မြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
တောင်သူတွေကို မြေယာတွေပြန်ပေးပြီး ပိုင်ဆိုင်မှု အထောက်အထားတွေ ထုတ်ပေးဖို့ တောင်းဆိုတာလို့ ထုံခါးကျေးရွာက တောင်သူ ဦးမောင်မြင့် က ပြောပါတယ်။
"ကျနော်တို့ အဓိကတောင်းဆိုချင်တာက ကျနော်တို့ ရွာရဲ့နယ်နိမိတ် သတ်မှတ်ပေးဖို့ရယ်၊ ဒေသခံတောင်သူ တွေပေါ့ မြေယာပိုင်ဆိုင်မှု အထောက်အထားရရှိနိုင်ရေးနဲ့ ကျနော်တို့စားကျက်မြေကို ပြန်ဖော်ထုတ်ပေးရန်၊ ခုသိမ်းခံထားရတဲ့မြေတွေပေါ့။ ဘိုးဘွားပိုင်မြေတွေကို ဥပဒေနဲ့အညီ သူတို့က ကုစားပေးဖို့ပေါ့ နစ်နာခဲ့တဲ့သူတွေ ဆို နစ်နာကြေးပေးဖို့ ခုချမှတ်ထားတဲ့ မြေယာမူဝါဒနဲ့အညီ ဖြေရှင်း ပေးဖို့ တောင်းဆိုတာ"
တနင်္သာရီမြို့နယ်အတွင်း လုပ်ငန်းမလုပ်တော့လို့ တိုင်းအစိုးရက ပြန်သိမ်းထားတဲ့ မြေဧက ၆ သောင်းကျော် ရှိတာကြောင့် တောင်သူတွေအနေနဲ့ ဥပဒေအတိုင်း ပြန်လည်လျှောက်ထားနိုင်တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
"အခု စွန့်လွှတ်လိုက်တဲ့ ဧကက ခြောက်သောင်းတစ်ထောင်နဲ့ ရှစ်ဆယ် ဧကရှိတယ်၊ ဒီတိုင်းဒေသကြီး အစိုးရ အဖွဲ့ကနေပြီးတော့ ပြန်သိမ်းတာပေါ့။ တနင်္သာရီတစ်မြို့နယ်ထဲပါ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရုံးတွေအထိပါ ကျနော်တို့ သိမ်းထားတဲ့မြေဧကပေါင်း ဘယ်လောက်ရှိပါတယ် ကြေးတိုင်မြေ ဘယ်လောက်မှာဆိုတာကို ကြေညာထားပြီးသားပါ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာလည်းရှိပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း မြေ Location တွေရယ် အနီးစပ်ဆုံး မြေနေရာစာရင်းကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်ခင်ဗျ၊ တရားဝင် ပြန်လျှောက်နိုင်ပါပြီ၊ အကုန်လုံးတော့မဟုတ်ဘူးပေ့ါနော်၊ Local Government က ပြန်ပြီးတော့ ပြန်ချပေးထား တာတွေပေါ့၊ ဗဟိုအစိုးရပိုင်းကလည်း အဲ့ဒီအပိုင်းလေး နဲနဲလေး ကြန့်ကြာမှုလေးတွေရှိနေလို့ သူတို့ကိုယ်တိုင် လည်း အားမရတာလေးတွေရှိတာပေါ့၊ ကျနော်တို့ ကိုယ်တိုင်လည်း အားမရတာတွေရှိပါတယ်"
တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးမှာဆိုရင် အစိုးရက ပြန်လည်သိမ်းယူထားတဲ့ ဧကပေါင်း တစ်သိန်းလေးသောင်း ကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီမြေတွေကိုလည်း မြေယာပိုင်ဆိုင်မှု ဥပဒေအရ တောင်သူတွေအနေနဲ့ ပြန်လည်လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်စွန့်လွှတ်ထားပြီးဖြစ်တဲ့ မြေတွေထဲမှာ ဒီကနေ့ ဆန္ဒပြသူတွေရဲ့ မြေ နေရာတွေ လည်း ပါဝင်တယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။
တစ်ချို့မြေတွေကတော့ ဗဟိုအစိုးရက ခွင့်ပြုထားတဲ့မြေတွေဖြစ်ပြီး ပြန်လည်လွှဲပြောင်းခြင်းမရှိသေးတဲ့ နေရာတွေ လည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဌာနဆိုင်ရာအချင်းချင်း ကြန့်ကြာမှုလေးတွေရှိနေသေးတဲ့အတွက် မူလတောင်သူတွေလက်ထဲ ပြန်မရောက်နိုင်သေးတာဖြစ်နိုင်တယ်လို့လည်း ဦးရဲမြင့်ဆွေက ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကတည်းက ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းအတွက် နှစ် ၃၀ ဂရမ် အမည်ပေါက်အနေနဲ့ သိမ်းယူခဲ့တာဖြစ်ပြီး စားကျက်မြေ၊ သုဿာန်မြေတွေအပါအဝင် တစ်ချို့မြေနေရာတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်တဲ့နေရာတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။