အစိုးရက တနင်္သာရီဂျာနယ်ကို စွဲချက်တင်ဖို့ တရားရုံးဆုံးဖြတ်

ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာပုဒ်မ ၂၅(ခ) နဲ့ တရားစွဲဆို ထားတဲ့အမှုကို စွဲချက်တင်ဖို့ ထားဝယ်မြို့နယ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
တနင်္သာရီတိုင်းဒေကြီး အစိုးရအနေနဲ့ မီဒီယာရဲ့ သဘောသဘာဝ နားမလည်လို့ တရားစွဲဆိုမှုတွေ ရှိလာတာ ဖြစ်ကြောင်း တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က RFA ကို ပြောပါတယ်။
"ဒီနေ့က ကျနော်တို့ စွဲချက်အမိန့်ချလိုက်တယ်။ မီဒီယာဥပဒေပုဒ်မ၂၅ (ခ)နဲ့ပေါ့။ ဒီသရော်စာကို တရားစွဲတဲ့ အဆင့်ထိ ဖြစ်လာတာဟာ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မီဒီယာ ရဲ့သဘောသဘာဝ၊ သရော်စာရဲ့သဘောသဘာဝ မီဒီယာရဲ့ ကျင့်ဝတ်ကိစ္စတွေကို သဘောပေါက်မှု အားနည်းတဲ့အတွက် တရားစွဲတယ်လို့ မြင်တယ်"
တနင်္သာရီ ဂျာနယ်ဘက်က တရားလိုပြသက်သေတွေဖြစ်တဲ့ ဒေါ်အေးအေးမိုးနဲ့ ဦးအောင်ကျော်စိုးကို ပြန်ခေါ် သက်သေအဖြစ် စစ်ဆေးဖို့ လျှောက်ထားခဲ့တာကို တရားရုံးက လက်ခံခဲ့ပြီး လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေတစ်ဦးကို ပြန်စစ်ဆေးမယ်လို့ သိရပါတယ်။
တရားစီရင်ရေးမှာ မလွတ်လပ်သေးတဲ့ အချိန်ဖြစ်တာကြောင့် အစိုးရက အခုလို တရားစွဲဆိုတာဟာ ဖိအားပေး သလိုဖြစ်နေပြီး သတင်းမီဒီယာတွေကို မဝေဖန်ရဲအောင်လုပ်နေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော် က ပြောပါတယ်။
"အစိုးရက ဒီဟာမျိုးကို တရားစွဲတယ် တရားစီရင်ရေးစနစ်က မလွတ်လပ်တော့ ဒါကိုအစိုးရက အရေးယူချင်တယ် ဆိုတဲ့ဟာမျိုး တရားစီရင်ရေးက အဓိပ္ပါယ်မဲ့တယ် သို့မဟုတ် ဒီထက်ပိုပြီးတော့ ညွှန်ကြားတာမျိုး ရှိကောင်းလည်း ရှိမှာပေါ့နော်။ သို့ပေမယ့် အဲလိုမျိုး ညွှန်ကြားတာမျိုး မရှိခဲ့ရင်တောင် တရားစီရင်ရေးက အလိုအလျောက်ကို အဲလိုမျိူး အဓိပ္ပါယ်ဖွင့်ဆိုသွားမယ်ထင်တယ်။ သတင်းမီဒီယာတွေကို မဝေဖန်အောင် အဲလိုမျိုး နှုတ်ဆိတ် အောင်မျိုး လုပ်တယ်လို့ ကျနော်မြင်တယ်"
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာ ကလောင်ရှင် မူးဆေးအိုး ရေးသားတဲ့ "မဲဆွယ် အပြုံး" သရော်စာပါ ရေးသားချက်တွေဟာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ် ဆိုပြီး ဝန်ကြီးချုပ် ညွှန်ကြားချက်နဲ့ အစိုးရအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးက တရားလိုလုပ် တိုင်ကြားထားတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ ဒုတိယညွှန်ကြားရေးမှူးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီအမှုကို ပယ်ဖျက်ပေးဖို့အတွက် တနင်္သာရီဂျာနယ်က တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဇူလိုင်လက တင်ပြခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့ပါတာကြောင့် ပြည်ထောင်စု တရားလွှတ်တော်မှာလည်း အမှုကို ပယ်ဖျက်ဖို့ တင်ထားပါတယ်။
မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဟာ လူတစ်ဦးတစ်ယောက်ကို အသရေဖျက်စေမှုနဲ့ စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။