တနင်္သာရီဂျာနယ်အမှု အာမခံရရှိ


2018.01.02
fake-smile-622.jpg တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို တွေ့ရစဉ်
Photo: Dawei Watch

ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို မီဒီယာဥပဒေပုဒ်မ ၂၅ (ခ)နဲ့ တိုင်းအစိုးရအဖွဲ့က စွဲဆိုထားတဲ့အမှုကို ဒီနေ့ ထားဝယ်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ငွေကျပ်သိန်း ၂၀ နဲ့ အာမခံပေးလိုက်တယ်လို့ အယ်ဒီတာချုပ် ဦးမျိုးအောင် က ပြောပါတယ်။

ဒီနေ့ ထားဝယ်မြို့နယ်တရားရုံးမှာ ပထမဆုံးဆင့်ခေါ်တာကို သွားရောက်ခဲ့တဲ့ အခြေအနေကို တနင်္သာရီ ဂျာနယ် တာဝန်ခံအယ်ဒီတာ  ဦးမျိုးအောင် က ပြောပါတယ်။

"တရားရုံးချိန်းသွားတယ်။ အဲဒီမှာ အာမခံယူတယ်။ အာမခံယူပြီးတော့မှ နောက်ထပ်ရုံးချိန်းအတွက် ထပ်ချိန်းတာ။ အာမခံကတော့ နှစ်ယောက်ပေးရတယ်ဗျ။ အာမခံကြေးကတော့ သိန်းနှစ်ဆယ်ပေါ့။ နောက်ရုံးချိန်းတွေမှာ ကျနော်တို့ ဥပဒေလမ်းကြောင်းအတိုင်းပဲ ကျနော့်ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်သွားမှာပါ"

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာ ကလောင်အမည် မူးယစ်ဆေးအိုးရေးသားတဲ့ "မဲဆွယ် အပြုံး" သရော်စာပါ ရေးသားချက်တွေဟာ ဝန်ကြီးချုပ်ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စာသားတွေပါရှိတာကြောင့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ ညွှန်ကြားချက်နဲ့ အစိုးရအဖွဲ့က မီဒီယာဥပဒေနဲ့ တရားစွဲဆို တာဖြစ်ပါတယ်။

ဒုတိယရုံးချိန်းကိုတော့ လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် မေလတုန်းကလည်း တနင်္သာရီဂျာနယ်မှာ ကံပေါက်သားအောင်လွင် ရေးသားတဲ့ "ငါးရံ့တစ်ကောင် ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးပါ စာသားတချို့ဟာ ဒယ်ကိုကုမ္ပဏီကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တယ်ဆိုပြီး ရေဖြူ တရားရုံးမှာ တရားစွဲဆိုခံရဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။