တနင်္သာရီတိုင်းက မြို့နယ်တချို့မှာ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံထားရ
2024.05.20

တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ ဆန်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေက မေလ ၂၀ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ တနင်္သာရီ၊ ရေဖြူ၊ လောင်းလုံးနဲ့ ပုလောမြို့နယ်တွေမှာ ဒေသခံတွေက ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့်သတ်ထားတာလို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
“တစ်နေ့ကို ကားတစ်စီးကို ဆန်အိတ် နှစ်အိတ်သုံး အိတ် အဲလောက်ပဲ တင်ခွင့်ပေးတယ်။ နည်းနည်းများများ ပါပြီဆိုရင် ခွင့်မပြုဘူး။ အဲဒီလို အခြေအနေမျိုးရှိတယ်။ အဓိကစားသောက်ကုန် သယ်ယူပို့ဆောင်ရေးအတွက် ကန့်သတ်ချက်တွေ အများကြီးရှိနေတယ်။ အဓိကတော့ နယ်မြေအနှံ့တွေမှာ တော်လှန်ရေး ရဲဘော်တွေ ရှိကြတယ်။ အဲတော့ သူတို့က ဖြတ်လေးဖြတ် လုပ်တဲ့ပုံစံမျိုးပေါ့”
စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်ကစလို့ ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်တာမျိုးရှိသလို ပြန်ဖွင့်ပေးခဲ့ တာလည်း ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်မှာတော့ အရင်ထက် ပိုမိုတင်းကျပ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုကန့်သတ်မှုတွေကြောင့် ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်ပစ္စည်းသယ်ယူမှု ကန့်သတ်ထားလို့ တောလမ်းတွေကို အသုံးပြုကြတဲ့ခါ ဒေသခံတွေ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်တာတွေ ရှိနေတယ်လို့လည်း တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ တာဝန်ရှိသူ ကိုကျော်က ပြောပါတယ်။
“စစ်တပ်က အရင်ကထက် ပိုပြီး မိုင်းထောင်တာတွေ များတယ်။ တောလမ်းခရီးသွားတဲ့လမ်းတွေမှာလည်း မိုင်းတွေ ရှိတယ်။ တချို့နေရာတွေမှာ ရိက္ခာပိတ်ထားတဲ့အခါကျတော့ သူတို့တောလမ်းကို ဖြတ်ပြီးတော့ ပစ္စည်းသွားသယ်တာတို့ရှိတယ်။ အဲဒီအချိန်မှာ ထိတာတွေရှိတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး ။
တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့်လည်း တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိ ရှိနေပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောကြပါတယ်။