ဖမ်းဆီးခံထားရတဲ့ မန်လီရွာသားတွေ လွတ်မြောက်ရေး လားရှိုးမြို့မှာ ဆန္ဒပြ


2019.03.17
manli-villagers-protest-622.jpg ဖမ်းဆီးခံထားရတဲ့ မန်လီရွာသားတွေ လွတ်မြောက်ရေးအတွက် လားရှိုးမြို့မှာ ၂ဝ၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် သီပေါ- နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ RCSS နဲ့SSPP ၊ TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း မန်လီရွာသား ၁၂ ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဒေသတွင်းက တအာင်းတိုင်းရင်းသားတွေ စုပေါင်းပြီး အဲဒီဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးအတွက် လားရှိုးမြို့ မှာ ဒီကနေ့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို တအာင်းကျောင်းသားနဲ့လူငယ်အဖွဲ့တအာင်းအမျိုးသမီးအဖွဲ့၊ တအာင်းဥပဒေ အထောက်အကူပြု အဖွဲ့တို့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ RCSS အဖွဲ့ကဖမ်းဆီးထားတဲ့ ရွာသားတွေကို ချွင်းချက်မရှိ အမြန်လွှတ်ပေးဖို့ ဒေသခံ တိုင်းရင်းသားတွေ အပေါ် လူသားချင်းစာနာထောက်ထားဖို့၊ RCSS အနေနဲ့ NCAစာချုပ်ပါ စည်းကမ်းချက်တွေကို လိုက်နာဖို့၊ လက်နက် ကိုင်အဖွဲ့အစည်းတိုင်း တိုင်းရင်းသား ပြည်သူတွေအပေါ် အခွင့်ရေးချိုးဖောက်မှု ရပ်တန့်ဖို့၊ RCSS  အနေနဲ့ ရွာသားတွေကို ဖမ်းဆီးထားကြောင်းကို ရဲရဲဝင့်ဝင့် ဝန်ခံဖို့  ဆိုတဲ့အချက်တွေကို တောင်းဆိုခဲ့ပါတယ်။

RCSS ဘက်ကတော့ အဲဒီရွာသားတွေကို ဖမ်းဆီးထားတာ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

တိုက်ပွဲဖြစ်တဲ့ မန်လီရွာမှာ နေအိမ်တစ်လုံး၊ ဘုန်းကြီးကျောင်းပါ လက်နက်ထိမှန်ခဲ့သလို တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ မန်လီရွာသားတွေလည်း ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘဲ သီပေါမြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ ဒေသအတွင်း မြို့နယ်တချို့က တအာင်းပလောင်တိုင်းရင်းသား တစ်ထောင်ဝန်းကျင် ပါဝင်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာက သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။