ပျောက်ဆုံးနေတဲ့ မန်လီရွာသား ၈ ဦးကို RCSS ပြန်လွှတ်ပေး
2019.03.29

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ SSPP၊ TNLA ပူးပေါင်းတပ်နဲ့ RCSS တို့ တိုက်ပွဲအတွင်း ပျောက်ဆုံးနေခဲ့တဲ့ မန်လီရွာသား ၈ ဦးကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖ့ွဲ က ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီသူ ၈ ဦးကို ပြန်လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့RCSS ဆက်ဆံရေးရုံး တာဝန်ခံ ဒေါ်နန်းမိုးကတဆင့် သီပေါမြို့ SNLD ကျားခေါင်းပါတီကို ဆက်သွယ်လာတာဖြစ်ပါတယ်။
နမ္မတူ တအာင်း ပလောင်ပါတီ တာဝန်ရှိသူတွေ မိသားစုတွေထံကို ဒီကနေ့နေ့လယ်ပိုင်းမှာ ပြန်လည်အပ်နှံပေးခဲ့တာလို့ သီပေါမြို့ SNLD ကျားခေါင်းပါတီ အတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က RFA ကို ပြောပါတယ်။
အခု လွတ်လာတဲ့ ရှစ်ယောက်ဟာ တိုက်ပွဲဖြစ်ချိန် လမ်းမှာတွေ့လ့ို ခေတ္တထိန်းသိမ်းထားခဲ့ရခြင်းဖြစ်ကြောင်း RCSS တာဝန်ရှိသူတွေက ပြောတယ်လို့ သူတို့ကို သွားခေါ်ခဲ့တဲ့ မိသာစုတွေထဲက တစ်ဦးက ပြောပါတယ်။
မူလကတည်းက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ဖြစ်ပေမယ့် ဆန္ဒပြတာတွေဖြစ်လာတဲ့အတွက် ဆက်လက်ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း RCSS တာဝန်ရှိသူတွေက ပြောတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေသူ ဆယ့်နှစ်ဦးထဲက ရှစ်ဦးပြန်လွတ်လာပြီးဆိုပေမယ့် လေးဦးကတော့ သတင်းအစအန မရသေးသလို RCSS ဘက်ကလည်း သူတို့ဖမ်းထားတာမရှိဘူးလို့ ပြောတယ်လို့ နမ္မတူမြို့နယ် တအာင်းပလာင်ပါတီ ဥက္ကဋ္ဌ ဦးအိုက်ထိုက်က ပြောပါတယ်။
ဒီပျောက်ဆုံးရွာသားတွေနဲ့ ပတ်သက်ပြီး ပြန်လွှတ်ပေးဖို့ RCSS အဖွဲ့ကို မတ်လ ၇ ရက်နေ့က တအာင်းအမျိုးသမီးအဖွဲ့နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ဖူးပါတယ်။
RCSS အဖွဲ့ကတော့ အဲဒီရွာသားတွေကို ဖမ်းဆီးထားတာမရှိကြောင်း မတ်လ ၈ ရက်နေ့က RFA ကို ငြင်းဆိုခဲ့ဖူးပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့လိုက်တာပါ။