တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး
2010.11.16

ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အနေနဲ့ ပဏာမ တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဘာကြောင့် လိုအပ်တယ်ဆိုတာ အချက်ငါးချက်ကို ကိုးကား တင်ပြခဲ့တာလို့ ဇိုမီ အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလို ပြောပါတယ်။
“တမျိုးနဲ့တမျိုး မယုံသင်္ကာမရှိအောင် စိတ်ထဲမှာ ရှိသမျှကို ဖော်ဆောင်ပြီးတော့မှ ဆွေးနွေးနိုင်ဖို့ အခွင့်အရေးရှိမှ ဖြစ်မယ်ဆိုတဲ့ အနေမျိုးနဲ့ ဒါလုပ်တယ်။ အဲဒီဥစ္စာကို ခင်ဗျားလည်း လက်ခံတဲ့အပြင်၊ ဒီဥစ္စာကို ၂၁ ရာစု ပင်လုံညီလာခံမျိုး ဖြစ်အောင်ဆိုတာ ဆိုတော့ ကျွန်တော်တို့ ထင်တာထက် ပိုပြီးတော့ ကျယ်ပြန့်အောင် လက်ခံသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်တဲ့အတွက်ကြောင့် အဲဒါလည်းပဲ ဝမ်းသာပါတယ်ဆိုတာ။”
ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို တက်ရောက်တဲ့ UNLD အဖွဲ့က ၉၀ ခုနှစ် ရွေးချယ်တင်မြှောက်ခံ အမတ် ဦးထောင်ခိုထန်းကလည်း ခုလိုပြောပါတယ်။
“၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ဟာက သူက သဘောတူတယ်၊ ဘယ်လိုလုပ်မလဲ လုပ်နည်းလုပ်ဟန်တော့ စဉ်းစားရမယ်တဲ့။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ နောက် မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အုပ်စုတွေကလည်း ဒီဟာတွေကို အကုန်လုံးက ထောက်ခံတဲ့အခါကျတော့ ဒီဟာက မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ အကောင်အထည် မပေါ်ပေါ်အောင် ဖော်မယ်ဆိုတဲ့သဘော တွေ့ရတဲ့အခါကျ ကျွန်တော်တို့ တော်တော်လေးကို အားရပါတယ်။”
အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။
ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို NLD ပါတီ ဒု ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ RFA မှ ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |