ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို CALD ချီးမြှင့်
2010.09.20

ဆုပေးပွဲ အခမ်းအနားကိုတော့ ဗြိတိန်နိုင်ငံ လီဗာပူလ်မြို့မှာ ကျင်းပတာ ဖြစ်ပြီး ဆုကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က မဇိုရာဖန်းကနေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံမယ်လို့ CALD အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။
ဒီအကြောင်းနဲ့ပတ်သက်ပြီး မဇိုရာဖန်းက ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဆုရယူရတဲ့အတွက် သူအနေနဲ့ ဝမ်းသာဝမ်းနည်း ဖြစ်မိတယ်လို့ ဆိုပါတယ်။
“ပထမတချက်ပေါ့နော်၊ ကျွန်မကတော့ ဒီ ကျွန်မတို့ရဲ့၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်အတွက်ပေါ့နော်၊ ကျွန်မတို့ ဒီလိုမျိုး သွားယူပေးရတယ် အင်မတန်ကို ကျွန်မ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်မကောင်းတာ တခုကတော့ သူက ကိုယ်တိုင် လာပြီးတော့ မယူနိုင်တဲ့အတွက်ကြောင့်ပေါ့နော်၊ သူက နေအိမ် အကျယ်ချုပ်မှာပဲ ရှိနေသေးတယ်ဆိုတော့ အဲဒါ စိတ်မကောင်းစရာ ဖြစ်ပါတယ်။”
အဲဒီအခမ်းအနားကို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီအဖွဲ့ (NCUB) အဖွဲ့ကိုယ်စား ဦးညိုအုန်းမြင့်လည်း တက်ရောက်မှာ ဖြစ်ပါတယ် ။ဒါအပြင် အဲဒီအခမ်းအနားကို ဗြိတိန်နိုင်ငံက နိုင်ငံရေးသမားတွေ၊ အာရှတိုက်က CALD အဖွဲ့ဝင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဆုချီးမြင့်တဲ့ CALD အဖွဲ့ကို ၁၉၉၃ ခုနှစ်မှာ အာရှတိုက်က လက်ဘရယ်နဲ့ ဒီမိုကရက် ပါတီတွေက စုပေါင်း တည်ထောင်ခဲ့ပါတယ် ။ ဖိလစ်ပိုင်၊ ထိုင်း၊ ထိုင်ဝမ်၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက အဲဒီ ပါတီတွေ ပါဝင်ပါတယ် ။
ဒီအကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်စိုးမင်းက အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |