ကြံ့ခိုင်‌ရေးပါတီက UEC ကို တိုင်ထားတဲ့အမှု တရားလွှတ်တော်ချုပ် စစ်ဆေး

2021.01.29
ကြံ့ခိုင်‌ရေးပါတီက UEC ကို တိုင်ထားတဲ့အမှု တရားလွှတ်တော်ချုပ် စစ်ဆေး ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲကော်မရှင်ကို ၂၀၂၀ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဆန္ဒပြစဉ်
ဓာတ်ပုံ - မင်းခိုင်စိုးလင်း/ RFA

မဲမသမာမှုတွေရှိတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးစိုးမောင်ရဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ တို့ကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ တိုင်ကြားထားတဲ့ အမှုကို၊ တရားလွှတ်တော်ချုပ်က ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကနဦးစစ်ဆေးကြားနာခဲ့ပြီး အမှုမြောက်မမြောက် နောက်နှစ်ပတ်မှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒီနေ့ကြားနာပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ရှေ့နေ ဒေါ်မို့မို့စိန်က ဘာ့ကြောင့် ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် (၁၅) ဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုင်ကြားရသလဲဆိုတာကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တရားသူကြီး (၃)ယောက်က ကြားနာခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့် က RFA ကို ပြောပါတယ်။

တရားသူကြီး (၃) ယောက်ဘက်က ပြန်လည်မေးမြန်းတာမျိုး မှတ်ချက် တစ်စုံတစ်ရာ ပေးတာမျိုး မရှိဘဲ၊ ဒီအမှုကို လက်ခံမခံ နောက်နှစ်ပတ်မှာ ဆုံးဖြတ်မယ့်အကြောင်း အသိပေးခဲ့တယ်လို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့ဟာ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး၊ ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် (၁၅) ဦးကို အာဏာပေး စာချွန်တော် (သို့မဟုတ်) အာဏာပိုင်မေးစာချွန်တော်ထုတ်ပြီး ဆင့်ခေါ်မေးမြန်းပေးဖို့၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ ပြီးခဲ့တဲ့လထဲမှာတိုင်ကြားခဲ့ပြီး၊ ဒီလ ၂၉ ရက်နေ့မှာ စစ်ဆေးကြားနာမယ့်အကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တရား၀င် သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အလားတူ နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် လေးဦးကိုလည်း မန္တလေးမြို့က ရှေ့နေ ဦးဇော်ဝိတ်က အာဏာပိုင်မေး စာချွန်တော်ထုတ်ပြန်ပြီး ဆင့်ခေါ်မေးမြန်းပေးပါရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားခဲ့ပါတယ်။ အဲဒီအမှုကိစ္စကို ဒီကနေ့ စစ်ဆေးကြားနာမှု ရှိ၊ မရှိဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။