တူမောရိုးဂျာနယ် အယ်ဒီတာနဲ့ သတင်းထောက်ကို အာမခံပေး
2014.12.29
အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ အပတ်စဉ်ထုတ် Tomorrow ဂျာနယ်က မန်နေးဂျင်း အယ်ဒီတာနဲ့ သတင်းထောက်တစ်ဦးကို တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးပြီး တစ်ဦးကို ငွေကျပ် သိန်း ၅၀ စီနဲ့ အာမခံပေးလိုက်ပါတယ်။
တရားစွဲခံထားရတဲ့ မန်နေးဂျင်းအယ်ဒီတာ မသဲစုလှိုင်က တရားစွဲဆိုသူတွေနဲ့ ညှိနှိုင်းဖို့မရှိဘူးလို့ ပြောပါတယ်။
"အမတို့ဘက်ကတော့ မညှိဘူးဆိုတာက အမတို့ဘက်မှာက စာရွက်စာတမ်းတွေရော အကုန်လုံးအစုံအလင် ရှိတယ်၊ ပြီးတော့ သက်သေလိုက်ပေးမယ့် လူလည်းရှိတယ်လေ၊ ညှိနေဖို့လည်း မလိုဘူးထင်တယ်၊ အခုဟာက သူတို့ဘာသာသူတို့ ပြီးသွားရမယ့်ဥစ္စာကို မီဒီယာကို သက်သက်လာပြီးတော့ တရားစွဲထားတဲ့အမှုဆိုတော့လေ"
လက်ပံတန်းမြို့နယ် စွယ်တော်ဘုရားမြေမှာ ကျူးကျော်နေအိမ်တွေရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ဇွန်လက ဒေသခံတချို့နဲ့ အုပ်ချုပ်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တာကို Tomorrow ဂျာနယ်က သတင်းယူရေးသားခဲ့တဲ့အတွက် စွယ်တော်ဘုရားအနီး နေထိုင်သူတွေက တရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီအမှုကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။