မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေး ခဲ့တဲ့ EU ကို ကျောင်း သားတွေ မေးခွန်းထုတ်
2015.03.06

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ မန္တလေး-ရန်ကုန် ချီတက်သပိတ်မှောက်နေတဲ့ ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းကို လက်ပံတန်းမြို့မှာ ရဲအင်အား အလုံး အရင်းနဲ့ ပိတ်ဆို့ထားတာဖယ်ပေးဖို့နဲ့ အဲ့ဒီအတွက် မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် လူအုပ်စုက အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့တဲ့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသားတွေ ဦးဆောင်ပြီး လှည်းတန်းဈေးအနီးမှာ မနေ့ညနေက ဆန္ဒပြခဲ့ကြ ပါတယ်။
အဲ့ဒီဆန္ဒပြပွဲမှာ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ဝင် ကိုလင်းထက်နိုင် က အခုလိုပြော ပါတယ်။
"အကြမ်းဖက်မှု လုပ်ရပ်မှန်သမျှကို ရှုံ့ချတဲ့အနေနဲ့ ကျနော်တို့ဒီနေ့စုဝေးတာဖြစ်ပါတယ်၊ နောက် ပြီးတော့ကျနော်တို့ ကျောင်းသားတွေ ငြိမ်းချမ်းတဲ့ အိမ်အပြန်ကို ကြည်ကြည်သာသာခွင့်ပြုဖို့ အစိုးရကို ဒီနေရာကနေတောင်းဆိုတဲ့အနေနဲ့ ဒီနေရာမှာစုဝေးရခြင်း ဖြစ်ပါတယ်"
ဒါ့အပြင် ဥရောပသမဂ္ဂရုံးတည်ရှိရာ အဆောက်အဦရှေ့ကို ကျောင်းသားတွေ သွားရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို လူအုပ်စုနှိမ်နင်းနည်းတွေ သင်တန်းပေးထားတဲ့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာရဲတွေ အကြမ်းဖက်ခဲ့တာနဲ့ ပတ်သက်လို့ဘယ်လိုတာဝန်ယူမလဲလို့ မြန်မာလိုရော၊အင်္ဂလိပ်ဘာသာ စကားနဲ့ပါ မေးခွန်းထုတ်ခဲ့ကြပါတယ်။
"နောက်တစ်ခုပြောချင်ပါတယ်၊ ဥရောပသမဂ္ဂကခေါ်ပြီးသင်တန်းပေးထားတဲ့ ရဲသားတွေရှိပါတယ်၊ အဲ့ဒီ ရဲသားတွေကပြည်သူလူထုကိုမကာကွယ်ပဲနဲ့ ကူညီပါရစေ ဆိုင်းဘုတ်ကိုင်ပြီး၊ ကျနော်တို့ကျောင်းသားပြည် သူတွေကို ရိုက်နှက်နေပါတယ်၊ အဲ့ဒါကြောင့်အခုလို EU ရုံးရှေ့မှာဆန္ဒပြနေတာဖြစ်ပါတယ်၊ "
အဲ့ဒီလှည်းတန်းကဆန္ဒပြပွဲမှာလည်း ရဲတပ်ဖွဲ့အပြင်၊ စွမ်းအားရှင်လို့ယူဆရတဲ့ အမည်မသိ အရပ်ဝတ် လူအုပ်စု လည်း ရောက်ရှိနေခဲ့ကြပေမဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်မှုကြောင့် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဟာငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ကျောင်းသားတွေနဲ့သူတို့ကို ဝန်းရံထောက်ခံသူတွေဟာ မနေ့မနက်ပိုင်းက ရွှေတိဂုံအရှေ့ဖက်မုဒ် ကြေးသွန်းဘုရား အနီးမှာဆန္ဒပြဖို့ စီစဉ်ခဲ့ပေမဲ့၊ ရဲနဲ့စွမ်းအားရှင် တွေကအဲ့ဒီနေရာကို ကြိုတင်ရောက်ရှိနေတဲ့အပြင်၊ လမ်းတွေကိုလည်း သံဆူးကြိုး တွေနဲ့ပိတ်ကာထားတဲ့အတွက် အချိန်ရော၊ နေရာပါရွှေ့ပြီး လှည်းတန်းဈေးဘက်မှာ ဆန္ဒပြခဲ့ကြတာဖြစ် ပါတယ်။