၈၈ မျိုးဆက် ခေါင်းဆောင် မနီလာသိန်း ထောင်ပြောင်းပေးရေး တောင်းဆို

သရက်ထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် မနီလာသိန်းဟာထောင် ပြောင်းပေးဖို့ တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်၊

2010.12.20
prisons_in_burma_map_305_z.jpg မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ နာမည်ဆိုးဖြင့် ကမ္ဘာကျော်သော အင်းစိန်ထောင်ကို အနီရောင် အမှတ်အသား ပြထားပါသည်။ (Map: AAPP)
(Map: AAPP)

မနီလာသိန်းဟာပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထောင်ပြောင်းပေးဖို့ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

ခင်ပွန်းသည် ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုကို ထားတဲ့ တောင်ကြီးထောင်ကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ မိသားစုတွေ တကွဲတပြား ဖြစ်နေပြီး ထောင်ဝင်စာ လာရောက်တွေ့ရတာ ခက်ခဲတာ တကြောင်း၊ ဒါ့အပြင် သရက်ထောင်ကို အသစ် ရောက်ရှိလာတဲ့ ထောင်ပိုင်ဟာလည်း နိုင်ငံရေး အကျဉ်းသားတွေကို ကောင်းမွန်စွာ မဆက်ဆံတာကြောင့် တကြောင်း ထောင်ပြောင်းပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့ က သရက်ထောင်မှာ ထောင်ဝင်စာသွား တွေ့ခဲ့တဲ့ ကိုဂျင်မီရဲ့ ညီမ မသန္တာယုက အခုလို ပြောပြပါတယ်။

“အဲဒါကတော့လေ၊ သူကတော့ သူတို့ နှစ်ယောက် အတူတူ နေဖို့အတွက် တောင်းထားတာပေါ့နော်၊ နေရာတနေရာတည်း အတူတူထားဖို့လေ။ အဲလို ဒါပေမဲ့ မရဘူးလို့တော့ ပြောတယ်။ တောင်းတဲ့ဟာကို ရက်စ် အော် နိုး အကြောင်းမပြန်ဘူးလို့ ပြောတယ်။”

မနီလာသိန်းမှာ အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ပြီး၊ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်းသိရပါတယ်။ အခုအချိန်အထိ သူတောင်းဆိုထားတဲ့ ထောင်ပြောင်းပေးရေးကိစ္စကို အကျဉ်းဦးစီး တာဝန်ရှိသူတွေက လိုက်လျောခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မနီလာသိန်းနဲ့ ကိုဂျင်မီတို့ နှစ်ဦးစလုံးဟာ ထောင်ဒဏ် ၆၅ နှစ်စီ ကျခံနေရပြီး ၄ နှစ်အရွယ် သမီးလေး နေခြည်မင်းယုဟာ အဖိုးအဖွားတွေနဲ့ ကျန်ခဲ့ပါတယ်။ သရက်ထောင်နဲ့ တောင်ကြီးထောင် နှစ်နေရာ ဖြစ်နေတဲ့အတွက် မိဘတွေနဲ့ ခလေး တွေ့ဆုံနိုင်ဖို့လည်း အခက်အခဲ ရှိပါတယ်။

ယခင် အတွေ့အကြုံတွေအရ နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး ကိစ္စတုန်းက အကျဉ်းကျနေတဲ့ မိခင်ရှိရာ ထောင်ကို ပြောင်းရွှေ့ပေးခဲ့ဘူးတဲ့ အတွေ့အကြုံ ရှိကြောင်း နိုင်ငံအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလို ပြောပါတယ်။

“ဟုတ်ကဲ့၊ ဒါက လူသားချင်း စာနာတဲ့အနေနဲ့ ပြန်မလွှတ်ပေးသေးရင်တောင်မှ မဖြစ်မနေ အတူတူ ထားဖို့ လိုအပ်တယ်။ ဆိုတော့ အရင်တုန်းက ICRC (နိုင်ငံတကာ ကြက်ခြေနီအဖွဲ့) ရှိခဲ့စဉ် ကာလတုန်းက အဲလို ICRC က တောင်းဆိုလို့ မနိုဘယ်အေးနဲ့ သူ့အမေနဲ့ကို အကျဉ်းထောင် အတူတူ ပြောင်းခဲ့တာ ရှိပါတယ်။ ဆိုတော့ ဒါက လူသားချင်း အနိမ့်ဆုံးပေါ့လေ၊ လူသားချင်း စာနာတဲ့အနေနဲ့တော့ အဲလို အတူတူ ထားပေးတယ်၊ တထောင်တည်း ထားပေးသင့်တယ်လို့ ကျွန်တော်တို့ အနေနဲ့ အဲလို မြင်ပါတယ်။”

မနီလာသိန်းဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း ပထမ တကြိမ်ထောင် ၁၀ နှစ် ကျခံခဲ့ရပြီး၊ ရွှေဝါရောင်တော်လှန်ရေး ပြီးနောက် ဒုတိယအကြိမ် ထပ်မံအဖမ်းခံရကာ ထောင်ဒဏ် ၆၅ နှစ် ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။