ကျောင်းသားအဖွဲ့အစည်း ဆိုင်ရာ တွေ့ဆုံဆွေးနွေးကြ ဖို့ ကျောင်းသားသမဂ္ဂ တောင်းဆို


2014.12.22
dagon-students-protest-education-bill-305.jpg ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲပေးဖို့ စက်တင်ဘာလ ၂ ရက်နေ့က ဒဂုံတက္ကသိုလ်ထဲမှာ လမ်းလျှောက်ဆန္ဒပြစဉ်
Photo: Kyaw Zaw Win , Kyaw Lwin Oo / RFA

တက္ကသိုလ်တွေမှာ ကျောင်းသားအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့၊ ကျောင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စတင်ဆောင်ရွက်နေကြ ရာမှာ၊ ကျောင်းသားထုရဲ့ ဆန္ဒသဘောထားကို သိရှိနိုင်ရေးအတွက် ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲ တစ်ရပ် ခေါ်ယူကျင်းပပေးဖို့ ဒဂုံတက္ကသိုလ် ကျောင်း သားတွေ ဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂ က တောင်းဆိုထားပါတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသားတွေကိုယ်တိုင် သမဂ္ဂတွေ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က ကျောင်းအုပ်ချုပ်ရေး အာဏာပိုင်တွေ ကို ကျောင်းသားယူနီယံတွေ ဖွဲ့စည်းပေးဖို့ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

ဒဂုံတက္ကသိုလ်မှာ ဖွဲ့စည်းမယ့် ကျောင်းသားယူနီယံနဲ့ ပတ်သက်ပြီး ပါမောက္ခချုပ် ဒေါက်တာလှဌေးက အခုလို ပြောပါတယ်။

"ကျောင်းသားတွေနဲ့ဖွဲ့စည်းဖို့ ကျနော်တို့လည်း ကလေးတွေနဲ့စပြီးတော့ ပြောနေပါပြီ၊ ကျနော်တို့ ငယ်ငယ်တုန်း က ကျောင်းကောင်စီလိုပဲ section လိုက် ကျောင်းသားကိုယ်စားလှယ်ရွေးမယ်လေ၊ section တစ်ခု က ကျောင်းသားတစ်ယောက် တက်လာမှာပေါ့ဗျာ၊ Section တစ်ခုမှာ ကျောင်းသား ၁ဝဝ ရှိတယ်ဆိုပါတော့ အဲဒီ့ ကျောင်းသား ၁ဝဝ က သူတို့ကြိုက်တဲ့သူတင်ပေါ့လေ"

ဒဂုံတက္ကသိုလ် ကျောင်းသားယူနီယံဖွဲ့စည်းရေး ကြေညာချက်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ရာမှာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရွေးချယ်တင်မြောက်ပွဲကျင်းပမယ်လို့ ဖေါ်ပြထားပေမဲ့ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသား ကိုပိုင်ရဲသူက အခုလိုပြောပါတယ်။

"ကျနော်တို့ သမဂ္ဂဆိုတာ ဖွဲ့ပြီးသွားပြီ၊ သမဂ္ဂဆိုတာ နဂိုကတည်းကရှိနေတယ်၊ ကျောင်းသူကျောင်းသားတွေရဲ့ အရေးကိုလည်း တကယ်လုပ်နေတယ်၊ အဲ့ဒါကိုထပ်ဖွဲ့ဖို့ ကြိုးစားတယ်ဆိုတာ ဘယ်လိုအကြောင်းလဲပေ့ါ"

ဖွဲ့စည်းပြီးဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ကတော့ အခု ကျောင်းအာဏာပိုင်တွေက ယူနီယံအဖြစ် ဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာမရှိကြောင်း၊ ဒါပေမဲ့ အဖွဲ့ရဲ့အမည်ကို သမဂ္ဂ သို့မဟုတ် ယူနီယံစတဲ့အမည်ရွေးချယ်မှုက အစ ရွေးချယ်ပွဲပုံစံကိုချမှတ်နိုင်ရေး၊ ကျောင်းသားထုရဲ့ဆန္ဒကို သိရှိနိုင်ရေးအတွက် ကျောင်းသားထု နဲ့ တွေ့ဆုံပွဲတစ်ရပ် ပထမဆုံး စီစဉ်ဆောင်ရွက်ပေးဖို့လိုကြောင်း တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။