မုန်တိုင်းရှိပေမယ့် ကမ်းရိုးတန်းနေ ထိုင်သူတွေ ပြောင်းရွှေ့မှုနည်း


2017.05.29
storm2-map-620.jpg ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းကို တွေ့ရစဉ်
Photo: Tun Lwin/ Facebook

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေဟာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာရဲ့ အဝန်းအဝိုင်းထဲမှာ ကျရောက်နေတဲ့အတွက် ပင်လယ်ကမ်းရိုးတန်းအနီး နေထိုင်ကြသူတွေ ပြောင်းရွှေ့နေကြဖို့၊ ကမ်းနီးကမ်းဝေးငါးဖမ်း စက်လှေတွေမထွက်ဖို့ ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်တိုင်းမှာ လိုက်လံနှိုးဆော်နေ ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့ရင် ကူညီနိုင်ရေးအတွက် ရိက္ခာတွေနဲ့ဆေးဝါးတွေကိုလည်း မြို့နယ်တိုင်းမှာ အဆင်သင့်ဖြန့်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကပြောပါတယ်။

"ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ မြို့နယ် ၁၇ မြို့နယ်လုံးမှာ ကျနော်တို့က အကုန်လုံး အသင့်ပြင် ဆင်ထားပြီးပြီ။ ရိက္ခာတွေ၊ ဆေးဝါးတွေ၊ ရိက္ခာပို့ရမယ့် အဖွဲ့တွေ၊ ဆေးဝါးထောက်ပံ့မယ့်အဖွဲ့တွေ နောက် တခါ လူမှုကယ်ဆယ်ဝန်ကြီးဌာနအနေနဲ့လည်း ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ထောက်ပံ့မယ်ပစ္စည်းတွေ အားလုံးက အသင့်ဖြန့်ထားပြီးဖြစ်ပါတယ်။ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့က အခြေအနေပေါ် မူတည်ပြီးတော့ ဒီဖြစ်စဉ် ဖြစ်တဲ့နေရာတွေကို အမြန်ဆုံးထောက်ပံ့ ပေးသွားနိုင်အောင် စီစဉ်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ လိုအပ်ရင် တပ်မတော်နဲ့ ဆက်သွယ်ပြီးတော့ တပ်မတော်ရဟတ်ယာဉ်တွေ၊ တပ်မတော် စစ်ရေယာဉ်တွေ အသုံးပြုပြီးတော့လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေနဲ့ ကျောက်ဖြူ ဒေသတွေဟာ မုန်တိုင်းရဲ့ အဝန်းအဝိုင်းတွေထဲ ပါဝင်နေတာ ဖြစ်ပါတယ်။

မုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲမှာ ပါတဲ့ မောင်တောမြို့နယ်အတွင်း ပင်လယ်ကမ်းရိုးတန်းအနီး နေထိုင်ကြ သူတွေကို ပြောင်းရွှေ့ကြဖို့ ဒေသအာဏာပိုင်တွေက လိုက်လံနှိုးဆော်မှုတွေရှိနေပေမယ့် ပြောင်းရွှေ့ကြသူတွေ နည်းနေသေးတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန် ကပြောပါတယ်။

"အနီးနားမှာနေတဲ့သူတွေက အခုထက်ထိရွှေ့တာမတွေ့သေးဘူး။ လက်ရှိအစိုးရကတော့ အော်နေတာ ပဲ ပြောနေတာပဲ ဒါပေမဲ့ သူတို့မရွှေ့ဘူးဗျ။ မောင်တောဘက်က ဒေသခံတွေက ပုံမှန်လေတိုက်နှုန်း ၄၀ လောက်တော့ သာမာန်လောက်ပဲ။ အဲ့လိုလေပြင်းတိုက်မယ့်ကိစ္စကို သူတို့က မောင်တောဘက် မဝင်ဘူး ပျက်သွားမယ် အဲ့လိုသဘောနဲ့နေကြတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ပြောနေပါတယ်။ ခင်ဗျားတို့ မုန်တိုင်းဝင် လာလို့ရှိရင် မလွတ်ဘူး။ ဒီရေတက်လာလို့ရှိရင် မလွယ်ဘူး။ အဲ့လိုတော့ ပြောထားတယ်ဗျ"

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ ညနေပိုင်းမှာ ဘင်္ဂလားဒေရှ့် ကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ဖို့ရှိပြီး တစ်နာရီလျှင် မိုင် ၆၀ ခန့် လေတိုက် ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ကျရောက်ပြီး မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်၊ မြေပြင်လေဟာ တစ်နာရီ (၄၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးထား ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နောက်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။