နောက် ၁၂ နာရီအတွင်း မုန်တိုင်း ပိုအားကောင်းလာနိုင်


2017.05.29
storm-map-620.jpg ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာ ကို တွေ့ရစဉ်
Photo: Tun Lwin/ Facebook

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာဟာ နောက် ၁၂ နာရီအတွင်းမှာ ပိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဘက်ကို မုန်တိုင်းတိုက်ရိုက်မဝင်ပေမယ့် ရခိုင်ကမ်းရိုးတန်းဒေသဟာ မုန်တိုင်းအဝန်းအဝိုင်းထဲမှာ ရောက်နေတာကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကတော့ အထူးသတိထား ရမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"ဒီမုန်တိုင်းရဲ့ အဝန်းဝိုင်းထဲမှာကျတာက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမို့လို့ စစ်တွေတို့၊ ဘူးသီးတောင်တို့ မောင်တောတို့ ဒီဒေသတွေက သတိထားရမယ့်နေရာတွေပါ၊ မုန်တိုင်းကြောင့် ရွာတဲ့မိုးကြောင့် မိုးကြီးတာမို့လို့ စောနကပြောတဲ့ မြေပြိုမှုတွေဟာ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ တောင်ကုန်းတောင်တန်းဒေသတွေရယ်၊ ချင်းပြည် နယ်၊ နောက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တောင်ကုန်းတောင်တန်းတွေရယ်၊ အဓိကကတော့ သက်နုတောင်တန်းတွေမှာ မြေပြိုမှု အန္တရာယ်တွေအတွက်ကို စိုးရိမ်ရပါတယ်"

အဲဒီ ဆိုင်ကလုန်းမုန်တိုင်း မိုရာဟာ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေ၊ စစ်တကောင်းမြို့နားကို ဖြတ်ကျော်ဝင်ရောက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လေတိုက်နှုန်းဟာ တစ်နာရီကို ၄၅ မိုင်ကနေ ၅၅ မိုင်အထိရှိနိုင်ပြီး ကမ်းလွန် ပင်လယ်မှာလည်း လှိုင်းအမြင့်ဟာ ၁၅ ပေကနေ ပေ ၂၀ အထိ ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင် ကလည်း ခန့်မှန်းထားပါတယ်။

ဒါ့အပြင် မုန်တိုင်းရဲ့အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ ရှမ်းနဲ့ ကယားပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးတာ၊ နေရာ ကွက်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

မုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်တွေမှာ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးနိုင်တယ်လို့လည်း မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။