SSPP နဲ့ တပ်မတော် တိုက်ပွဲဖြစ်
2018.01.01

အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်က ကျောက်မျက်ထွက်ရာ ရတနာမြေ ဆိုင်းလျန်ဒေသဘက်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ် ခဲ့ပါတယ်။
မိုင်းရှုးတောင်ပေါ်ဒေသဘက်မှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောပါတယ်။
"ဒီနေ့ မနက်ပိုင်းမှာ ဖြစ်တယ်လို့တော့ ကြားတယ်ဗျ။ ဒီမိုင်းရှုး တောင်ပေါ်မှာပေါ့ ဆိုင်းလျန်မှာ၊ တပ်မတော်နဲ့ SSPP/SSA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့တော့ သိရတယ်။ ကျောက်ထွက်တဲ့ မိုင်းရှုးတောင်ပေါ်မှာလေ ဆိုင်းလျန်ဆိုတဲ့နေရာမှာ၊ မြေပြင်အနေအထားတွေတော့ တိတိကျကျတော့ လတ်တလော အနေအထားအနေ နဲ့တော့ မသိရသေးဘူးခင်ဗျ။ ဒါပေမဲ့ နှစ်ဖက်တပ်ဖွဲ့တွေကတော့ အခြေအနေတင်းမာနေတဲ့ သဘောရှိတယ် လို့တော့ အကြမ်းမျဉ်းသိရတယ်"
အဲဒီတိုက်ပွဲဖြစ်ပွားရာဒေသဟာ SSPP/SSA က အသွင်ပြောင်းထားတဲ့ စိန်ကျော့ပြည်သူ့စစ်တွေ ထိန်းချုပ်ရာ ဧရိယာဒေသနဲ့ နီးစပ်တယ်လို့ သိရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ မိုင်းရှုးမြို့ပေါ်မှာ ဒေသခံတွေ အသွားအလာမပျက်ရှိနေပမေယ့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာရင် ရှမ်းပြည်တောင်ပိုင်းမှာ စစ်ဘေးတိမ်းရှောင်တဲ့ ဒုက္ခသည်တွေ တကျော့ပြန်များလာနိုင်တယ်လို့ ဦးစိုင်းထွန်းအေးက ပြောပါတယ်။
နိုင်ငံတော်အကြီးအကဲတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေက နှစ်သစ်ကူးဆုမွန်ကောင်း သဝဏ်လွှာတွေမှာ ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ ပြောနေကြပေမယ့် လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေတာဟာ မဖြစ်သင့်ကြောင်း သူကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် လာမယ့် ဇန်နဝါရီလကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံနဲ့ လင်းခေးမြို့မှာ ပြုလုပ်ဖို့ရှိတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ယုံကြည်မူ ထိခိုက်လာနိုင်စရာရှိတယ်လို့ ဦးစိုင်းထွန်းအေးက ဆိုပါတယ်။
အလားတူ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲဒေသဘက်မှာလည်း ဒီရက်ပိုင်းအတွင်း တပ်မတော်နဲ့ TNLA တအာင်းပလောင်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင် ၄၀၀ ကျော် ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေပါတယ်။
SSPP/SSA အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးဘဲ တခြားလမ်းကြောင်းကနေ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ UWSA "ဝ" အဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။