ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ လျှော့ချရပ်ဆိုင်း ဖို့ နှစ်ဘက်ဆွေးနွေး သဘောတူ


2015.11.26
sspp-ssa-620.jpg ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကို လျှော့ချ ရပ်ဆိုင်းသွားဖို့အတွက် အစိုးရနဲ့ SSPP အဖွဲ့တို့ ပဏာမသဘောတူညီချက်ထဲမှာပါရှိပြီး SSPP ဘက်က ဗဟိုကော်မတီမှာ တင်ပြပြီး အစိုးရထံ အကြောင်းပြန်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ နှစ်ဘက်ဆွေးနွေးခဲ့ကြစဉ် အချက် ၆ ချက်ပါ သဘောတူညီချက်ကို ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချက်တွေ ကို SSPP နဲ့ အစိုးရဘက်က ပြန်လည်တင်ပြပြီး ၅ ရက်အတွင်း အကြောင်းပြန်ရမှာ ဖြစ်တယ်လို့ SSPP အဖွဲ့တာဝန်ရှိသူ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။

"ဗဟို CEC အစည်းအဝေးထိုင် အဆုံးအဖြတ်လုပ်ပြီးတော့မှ ကျနော်တို့ အကောင်အထည် ဖော်နိုင် မှာဖြစ်တယ်၊ လောလောဆယ်မှာ ကျနော်တို့က အဖြေမပေးနိုင်သေးဘူးခင်ဗျ၊ ဘာလုပ်မှာ လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဒါကတော့ အဆုံးအဖြတ်မရှိသေးဘူး၊ ဗဟိုကော်မတီက အဆုံးအဖြတ်လုပ်ပြီးမှပဲ ကျနော်တို့က လုပ်ခွင့်ရမယ်ထင်တယ်၊ ၅ ရက်ကတော့ ကျနော်တို့က လုပ်ရမလား၊ မရဘူးလား အဲ့ဒီ ၅ ရက်အတွင်းမှာ ကျနော်တို့က အဖြေပေးမှာပေါ့၊ အဲ့ဒီသဘောပါပဲ ကျနော်တို့က အဆုံးအဖြတ်က ကျနော်တို့ ဗဟိုကော်မတီ လုပ်ထုံးလုပ်နည်းနဲ့ ကျနော်တို့က လုပ်ရမယ်လေ"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ နဲ့ ၂၄ ရက်နေ့က ရန်ကုန်မြို့မှာ အစိုးရနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ ဆွေးနွေးခဲ့ကြရာ မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လျှော့ချရပ်ဆိုင်းရေး၊ SSPP/SSA တပ်တွေအနေနဲ့ မိုင်းနောင်-မိုင်းရှူးကား လမ်းမြောက်ဘက်ကို ရွှေ့ပြောင်းရမှာဖြစ်သလို ကားလမ်းတောင်ဘက်ခြမ်းမှာရှိတဲ့ အစိုးရတပ်တွေကို လည်း ပြောင်းရွှေ့ပေးရေး၊ မိုင်းနောင်မြို့မှာ နှစ်ဘက်ဆက်ဆံရေး ရုံးဖွင့်လှစ်ရေးနဲ့ စစ်ဘေး ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားရေး စတဲ့အချက် ၆ ချက် ပါဝင်ပါတယ်။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီး အဲ့ဒီအချက်တွေကို အကြောင်းပြန်မှာဖြစ်တယ်လု့ိ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။ SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ တစ်သောင်းကျော် ရှိနေပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အပစ်အခတ်ရပ်စဲရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။