တပ်စခန်းတွေ ဆုတ်ခွာမပေးနိုင်ကြောင်း စစ်ကောင်စီထံ SSPP အကြောင်းပြန်

2022.07.22
တပ်စခန်းတွေ ဆုတ်ခွာမပေးနိုင်ကြောင်း စစ်ကောင်စီထံ SSPP အကြောင်းပြန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
Photo: SSPP Info

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် လွိုင်နိုင်းကျေးရွာအနီးက SSPP တပ်စခန်း သုံးခုကို ဆုတ်ခွာပေးမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီဘက် ကို အကြောင်းပြန်ထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီတပ်စခန်းတွေဟာ ဆယ်စုနှစ်တစ်ခုကြာရှိနေတဲ့ တပ်စခန်းတွေဖြစ်ပြီး ဆုတ်ခွာပေးဖို့ မဖြစ်နိုင်တာကြောင့် အခုလိုအကြောင်းပြန်လိုက်တာလို့ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန် က ပြောပါတယ်။

"ဒီတပ်စခန်း သုံးခုရှိခြင်းက စစ်ကောင်စီငြိမ်းချမ်းရေးအတွက် ဘာမှထိခိုက်စရာ မရှိပါဘူး။ နောက်ပြီး ဒီတပ်စခန်းတွေက ဆယ်စုနှစ်များစွာရှိနေတာ။ အရင်ကလည်း ကျနော်တို့ အခုလိုပဲ ဖယ်ပေးခဲ့ရဖူးတယ်။ သေးသေးမွှားမွှားကိစ္စကနေ ငြိမ်းချမ်းရေးကို ထိခိုက်တာ မဖြစ်သင့်ဘူးဆိုပြီး ကျနော်တို့ စာပြန်ပို့လိုက်တာပါ"

စစ်ကောင်စီဘက်က လမ်းဖောက်လုပ်ရေး အကြောင်းပြချက်နဲ့ မိုင်းရှူးမြို့နယ် လွိုင်နိုင်း ကျေးရွာအတွင်းက SSPP တပ်စခန်း သုံးခုကို ဆုတ်ခွာပေးဖို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက တောင်းဆိုခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် မှာ ပြုလုပ်တဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ SSPP ဒုတိယ ဥက္ကဋ္ဌ-၁ စဝ်ခေတိုင်၊ ဒုတိယ ဥက္ကဋ္ဌ -၂ စဝ်ခွန်ဆိုင်တို့ တွေ့ဆုံချိန်မှာလည်း အချိန် ခုနစ်ရက်အတွင်း အကြောင်းပြန်ဖို့ ထပ်မံတောင်းဆိုခဲ့တာပါ။

SSPP ဘက်က ဒီလိုအကြောင်းပြန်တဲ့အပေါ် စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီဘက်က တစ်စုံတစ်ရာ ပြန်လည်အကြောင်းမပြန်သေးပေမယ့် အောက်ခြေ စစ်တိုင်းအဆင့် တာဝန်ရှိသူတွေကတော့ ထပ်မံဆွေးနွေးဖို့ အကြောင်းပြန်လာတယ်လို့ ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောပါတယ်။

အဲဒီတပ်စခန်းတွေဟာ SSPP အတွက် လုံခြုံရေးအရ အရေးပါတဲ့နေရာတွေဖြစ်လို့ စခန်းဆုတ်ခွာမှာမဟုတ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူတွေကလည်း သုံးသပ်ထားတာပါ။

SSPP ဘက်က တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၁၂ မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့တဲ့ SSPP ဟာ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်းပေးထားတဲ့လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အောက်ခြေမှာ တပ်စခန်း ဆုတ်ခွာရေးကိစ္စတွေ ရှိနေသလို စစ်ကောင်စီဘက်လည်း ဖိတ်ကြားလာမှု မရှိသေးတဲ့အတွက် တွေ့ဆုံရေးမဖြစ်နိုင်သေးဘူးလို့ SSPP ဘက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။