တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွား
2018.12.25

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ့်လန်လမ်းပိုင်း တွန်ကျိုင်းကျေးရွာတဝိုက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဒီမနက်ပိုင်းကစလိ့ု တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ သိရပါတယ်။
မနေ့ကဒီဇင်ဘာလ ၂၄ ရက်နဲ့ ဒီကနေ့ ၂၅ ရက် မနက်ပိုင်းအထိ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဘက်တွေမှာ RCSS/SSA နဲ့ SSPP တို့ တိုက်ပွဲဖြစ်နေသလို ရှမ်းပြည်တောင်ပိုင်းမှာ RCSS/SSA နဲ့ PNLO တို့ တိုက်ပွဲဖြစ် ပွားနေပါတယ်။
တွန်ကျိုင်းရွာတဝိုက်မှာ SSPP ရဲ့ တပ်စခန်းတစ်ခု အခြေစိုက်တပ်စွဲထားတဲ့နေရာဖြစ်တယ်လို့ SSPP အဖွဲ့က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရတဲ့ အကြောင်းရင်းကို SSPP ဘက်က ဗိုလ်ချုပ်ခွန်ဆိုင် က အခုလိုပြောပါတယ်။
‘’မနေ့ကမနက်ပိုင်းပဲလေ ပြင်းပြင်းထန်ထန်ပဲ ခြုံခိုပစ်တာမဟုတ်ဘူး စခန်းတက်ထိုးတာဖြစ်တယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ရှမ်းပြည်နယ်မှာ စစ်တိုင်းလေးတိုင်းရယ် ကချင်ပြည်နယ်က စစ်တိုင်းရယ် စစ်တိုင်း ၅ ခုမှာ အပစ်အခတ်ရပ်စဲရေး ၄ လဆိုတာကို ကြေညာထားတယ်၊ အဲဒါတွေကိုများ အခွင့်ကောင်းယူသလားတော့ မပြောတတ်ဘူးလေ၊ တဖက်လာတိုက်တဲ့သုူတွေပဲ သိပါလိမ့်မယ်၊ ကျနော်တို့က သွားတိုက်တာမဟုတ်ဘူး၊ သူတို့က ကျနော်တို့တပ်စခန်းကို အကြိမ်ကြိမ်ကိုထိုးတာ ဘတစ်ပြန်ကျားတစ်ပြန်ကို ထိုးကြတာ အနီးကပ် နပမ်းလုံးကြတဲ့အထိပဲ ’’
သီပေါမြို့နယ်ထဲက အဲဒီတိုက်ပွဲကြောင့် အနီးနားကျေးရွာတွေက ဒေသခံတွေ အတော်များများလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။
တိုက်ပွဲဟာ ကျေးရွာနဲ့ ခပ်လှမ်းလှမ်းတောတွင်းမှာ ဖြစ်နေတာကြောင့် ရွာသားတွေ ထိခိုက်မှာစိုးတဲ့အတွက် အခုညနေမှာ SSPPတပ်တွေကို ဆုတ်ခွာဖို့ အမိန့်ပေးထားတယ်လို့SSPP က ဗိုလ်မှူးစိုင်းစု က ပြောပါတယ်။
တိုက်ပွဲကြောင့် တွန်ကျိုင်းရွာမှာ ရွာသားတွေ ပိတ်မိတာတွေရှိနေပြီး အခုညနေပိုင်းမှာတော့ ရွာကနေ ထွက်ပြေးလာတဲ့ ရွာသား ၆၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကူညီပေးနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျန်နေတဲ့ရွာသားတွေ ထပ်မံကယ်ထုတ်နိုင်ရေး ပရဟိတအဖွဲ့တွေကကြိုးစားနေကြပါတယ်။
တိုက်ပွဲကြောင့် နားမခေါ်ရွာမှာ ထွက်ပြေးလာသူ သုံးရာလောက်ရှိနေပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးက စစ်ဘေးရှောင်တွေကို ကယ်ဆယ်ခဲ့ရတဲ့အခြေအနေကို အခုလိုပြောပါတယ်။
‘’ဟိုနားရွာကလူတွေရော တိုက်ပွဲဖြစ်နေတဲ့ တုံကျိုင်းရွာပေါ့နော်၊ တချို့ကတော့ ဟိုနားရွာကိုရောက်လာကြတယ်၊ ပထမတစ်ခေါက် သွားကြိုလိုက်တယ်၊ တတိယတစ်ခေါက်မှာတော့ ပိတ်မိနေတဲ့သူတွေ ၆၀ ကျော်လောက်ပေါ့ ရွာကနေ ခြေကျင်ထွက်လာကြတယ်၊ အနီးဆုံးနေရာမှာ ကြိုပေးလိုက်တယ်၊ နားမခေါ်ဘုန်းကြီးကျောင်းကို ပို့ပေးခဲ့တယ်၊ လက်ရှိမှာလည်း အဲဒီရွာကသူတွေကတော့ ကတုတ်ကျင်းတွေထဲမှာ အဘိုးအဘွားတွေ ကလေး ငယ်တွေရော တစ်ရာကျော်လောက်ကျန်နေသေးတယ်၊ ဒါပေမဲ့ လောလောဆယ် သွားထုတ်လို့ မရသေး ဘူးဖြစ်နေတယ်၊ အခု မိုးကလည်းချုပ်လာပြီ၊ အဲဘက်ကလည်း အချိတ်အဆက်မရသေးလို့ မနက်ဖြန်ကျမှပဲ အခြေအနေကြည့်ပြီး သွားခေါ်မယ်’’
ဒီဇင်ဘာလ ၂၄ ရက် မနေ့ကမနက်ပိုင်းမှာ သီပေါမြို့နယ် နားမခေါ် ကျေးရွာအုပ်စု ကျိပ်ဖွန်ရွာနှင့် တွန့်ကျိုင်းရွာ နှစ်နေရာမှာ RCSS နှင့် SSPPတိ့ု တိုက်ပွဲတစ်နာရီ ကျော်စစ်ဖြစ်ပွားမှုကြောင့် ရွာနီးစပ်ဖြစ်တဲ့ ခါးရိုးရွာက စစ်ဘေးရှောင် ၁၅၀ ယောက်ခန့် နောင်ကော်ကြီးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
အလားတူပဲ ရှမ်းပြည်တောင်ပိုင်းမိုင်းပန်မြို့နယ် နားမွန်းကျေးရွာအုပ်စုထဲက နောင်ချိုရွာတဝိုက်မှာ RCSS/SSA နဲ့ PNLO အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားကြပါတယ်။
မနေ့က ည ၁၀ နာရီလောက်က မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီ ခွဲလောက်အထိလည်း ဖြစ်ပွားခဲ့တယ်လို့ PNLO အဖွဲ့ကပြောပါတယ်။
အဲဒီဒေသဟာ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေဖြစ်ကြပြီး နောင်ချိုရွာလုံခြုံရေး တာဝန်ကျနေ တဲ့ PNLO တပ်ဖွဲ့ တပ်စွဲထားတဲ့နေရာဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ PNLO အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခွန်မင်းသိမ်းက အခုလိုပြောပါတယ်။
‘’မနေ့ညတုန်းက ၁၀ နာရီလောက်က မိနစ် ၅၀ ကျော် မနက် ၉ နာရီ ၄၅ တစ်ကြိမ်ထပ်ဖြစ်တာပေ့ါနော်၊ မိုင်းပန် နားမုန်းကျေးရွာအုပ်စု နောင်ချိုရွာမှာဖြစ်တာပါ၊ ကျနော်တို့လည်း နောင်ချိုရွာမှာရှိတယ်၊ သူတို့လည်း ရောက် လာတော့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ၊ ရပ်ရွာလုံခြုံရေးအတွက် တာဝန်ယူပေးရတဲ့အတွက် စောင့်ရင်းနဲ့ အဲဒီပုံစံပါ ကျွန်တော်တို့ဘက်က ထိခိုက်မှုတော့မရှိပါဘူး၊ ရွာသားတွေလည်း ထိခိုက်မှုမရှိပါဘူး ရွာပြင်မှာ ပဲဖြစ်ကြတယ်’’
တိုက်ပွဲကြောင့် ဒေသခံတွေ ထိခိုက်တာတွေမရှိသလို PNLO ဘက်ကလည်း ထိခိုက်ကျဆုံးတာတွေ မရှိဘူးလို့ ပြောပါတယ်။