ရှမ်းတပ်တွေကို အစိုးရတပ်က လေကြောင်းက တိုက်ခိုက်
2011.07.13

RFA
ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့တွေ ဝိုင်းထားတဲ့ လွယ်ဆိုင်မြို့ ဝမ်ခိုင်ဖတ် ဒေသက တောင်ကုန်းကို ဒီကနေ့ နေ့လည် ၁ နာရီခန့်မှာ အစိုးရ တပ်တွေက ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း SSA ပြောခွင့်ရသူ ဗိုလ်မှုး စိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။
"ကျနော်တို့ ရှမ်းပြည် တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်တယ်လို့ ကျနော်တို့ ရှေ့တန်းတပ်တွေက အစီရင်ခံထား ပါတယ်။ ဖြစ်တဲ့နေရာကတော့ မိုင်းရယ်မြို့နယ်ခွင်ထဲမှာပါ။ အစိုးရတပ်က ခလရ ၂၈၆ နဲ့ ၂၈၇ တို့ ဖြစ်ပါတယ်။ MiG 26 လို့ ယူဆလို့တဲ့ လေယာဉ်နဲ့ လာပြီးတော့ ဗုံး ၈ လုံး ၉ လုံးလောက် ကြဲသွားတယ်။ ကျနော်တို့ SSA ဖက်က ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ရှေ့တန်းတပ်တွေက အစီရင်ခံထားပါတယ်။"
အစိုးရတပ်တွေက လေယာဉ် နှစ်စီးနဲ့ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့တွေကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ မနေ့က အစိုးရ တပ်စွဲထားတဲ့ စခန်း တစ်ခုကို SSA မြောက်ပိုင်းတပ်တွေက ဝင်ရောက် စီးနင်းပြီး နောက်ပိုင်း အစိုးရတပ်တွေက အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။ အခုလို ဗုံးကြဲ တိုက်ခိုက်မှုမျိုး ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ မေလ ၂၁ ရက်နေ့ နောက်ပိုင်း SSA တောင်ပိုင်း နဲ့မြောက်ပိုင်း တပ်မတော်တို့ စစ်ရေး အရ ပူးပေါင်း သွားမယ်ဆိုတဲ့ သတင်းနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း၊ အခုလို အစိုးရတပ်တွေက အင်အားသုံးပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်လာမယ် ဆိုရင် မလိုလားအပ်တဲ့ ပြည်တွင်းစစ်ကို ငြိမ်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်း၊ ရှမ်းပြည် တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေး အတွက် အစိုးရကို အစဉ်အမြဲ ကမ်းလှမ်း ဆောင်ရွက်နေပါကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။
SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေကို RFA မှ ဒေါ်ခင်ခင်အိက SSA ပြောခွင့်ရသူ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |