နွေဦးဖွံ့ဖြိုးရေးဘဏ် ကောလင်းမြို့မှာ စဖွင့်တော့မယ်လို့ NUG ကြေညာ
2023.12.26

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank - SDB) ကို မြေပြင်ဘဏ်ခွဲအဖြစ် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ မကြာခင် ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှု အားလုံးကို ပေးသွားမှာဖြစ်တယ်လို့ NUG က ဒီဇင်ဘာ ၂၆ ရက် ဒီနေ့မှာ ကြေညာပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ဟာ ဒစ်ဂျစ်တယ်ဘဏ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ နေ့မှာ စတင်ခဲ့တာပါ။
မြေပြင်ဘဏ်ခွဲကိုတော့ ကောလင်းမြို့မှာ အခုမှ ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်တာပါ။
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ကို တစ်မြို့ပြီး တစ်မြို့၊ တစ်နေရာပြီး တစ်နေရာမှာ ဆက်ဖွင့်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
"တစ်လှိုင်းပြီး တစ်လှိုင်း၊ တစ်မြို့ပြီး တစ်မြို့၊ တစ်နေရာပြီး တစ်နေရာမှာ နွေဦးဘဏ်တွေကို မကြာမီမှာ ဆက်ဖွင့်သွားမှာပါ "
(NUG) ရဲ့ စီမံဘဏ္ဍာဝန်ကြီးလည်းဖြစ်၊ ကြားကာလ ဗဟိုဘဏ်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတင်ထွန်းနိုင်ကတော့ နွေဦး ဖွံ့ဖြိုးရေးဘဏ်ဖွင့်ရတာဟာ မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်တွေထံ နိုင်ငံခြားငွေ စီးဝင်နေမှုကို ထိန်းချုပ်ဖို့နဲ့ တခြားငွေကြေးတွေ နွေဦးဖွံ့ဖြိုးရေးဘဏ်ထဲ ရောက်လာဖို့ ရည်ရွယ်ခဲ့တာလို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘဏ်တစ်ခုဖြစ်ဖို့ နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့် ရှိထားသူဟာ နိုင်ငံတကာ ငွေကြေးစနစ်ဆယ်မျိုးကို မိမိစိတ်ကြိုက် အချိန်မရွေး လုံလုံခြုံခြုံ လဲလှယ်ဝယ်ယူရောင်းချနိုင်တဲ့ အပြင် ငွေနဲ့ ရွှေပါ စုနိုင်တယ်လို့ ဆိုပါတယ်။
ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်နေ့မှာ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲမှုအစီအစဉ်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကောလင်းခရိုင် အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမိန့်အမှတ် (၁/၂၀၂၃) နဲ့ နိုဝင်ဘာလ ၈ နေ့မှာ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ခွင့်ပြုချက်မရှိတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို အရေးယူမယ်လို့ ၂၀၂၂ ခုနှစ် ဇွန်လကတည်းက ထုတ်ပြန်ထားပါတယ်။
မှတ်ပုံမတင်ထားဘဲ ငွေကြေးလုပ်ငန်းလုပ်ရင် ထောင်နှစ်နှစ်နဲ့ ငွေကျပ် သန်းတစ်ရာအထိ ချမှတ်နိုင်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ - ၁၇၂ နဲ့ အရေးယူမယ်လို့ လည်း ခြိမ်းခြောက်ထားပါတယ်။
အမေရိကန်အစိုးရက စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှုတွေကို ပိတ်ဆို့တဲ့အနေနဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) တို့ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူ ကြောင်း ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာထားပါတယ်။