စေတုတ္တရာအမတ် ဆွေးနွေးချက် မှတ်တမ်း ပယ်ဖျက်ပေးဖို့ လွှတ်တော် ဥက္ကဌ သဘောတူ


2016.03.08
winmyint-620.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်ပိုင်မြေ၊ စီမံကိန်းနဲ့ စက်ရုံတွေကို ပုဂ္ဂလိကထံ အမြန်လွဲှပြောင်းနေတာတွေကို စိစစ်ဟန့်တားပေးဖို့ အရေးကြီးအဆိုအပေါ် ပါဝင်ဆွေးနွေးခဲ့တဲ့ အန်အယ်လ်ဒီပါတီ စေတုတ္တရာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်ရဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒီနေ့တင်ပြတာကို လက်ခံကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဦးကျော်အောင်လွင်ရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ တပ်မြေသိမ်းဆည်းမှုအကြောင်း ဆွေးနွေးချက်တွေ ဟာ ပြည်သူ့လွှတ်တော် နည်းဥပဒေနဲ့ ကိုက်ညီမှုမရှိတာကြောင့် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက် မှုအတိုင်း လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ရုံးထံ ညွှန်ကြားထားတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့ပါတယ်။

"အရေးကြီးအဆိုနဲ့ စပ်လျဉ်း၍ တပ်မတော်သား ကိုယ်စားလှယ်များက စေတုတ္တရာမြို့နယ်မှ ဦးကျော်အောင်လွင် ရဲ့ ဆွေးနွေးချက်များမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့  ကပစ (၂ဝ)ရဲ့ တပ်မြေကိစ္စနဲ့ ပတ်သက်သော အချက်အလက်များအား ကန့်ကွက်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော်မှတ်တမ်းများမှ ပယ်ဖျက်ပေးပါရန် တင်ပြလာ ပါတယ်၊ ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၈၊ နည်းဥပဒေခွဲ (ဂ)၌ အဆိုတစ်ရပ် ကို ဆွေးနွေးရာတွင် ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲအဆိုနဲ့သာ အတိအကျ သက်ဆိုင်စေ ရမည်ဟူသော စည်းကမ်းချက်နဲ့ စေတုတ္တရာမြို့နယ်မှ ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်သည် ကိုက်ညီမှု မရှိသည့်အတွက် တပ်မတော်သား ကိုယ်စားလှယ်များ တင်ပြလာသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့  ကပစ (၂ဝ)ရဲ့ တပ်မြေကိစ္စနဲ့ ပတ်သက်သော အချက်အလက်များအား ပြည်သူ့လွှတ်တော်မှတ်တမ်းမှ ထုတ်နုတ် ပယ်ဖျက်ရန် ညွှန်ကြားပြီးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်"

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က အဲ့ဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တင်သွင်းပြီး ကိုယ်စားလှယ် ၁၂ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁ဦးတို့က ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဆိုကို ဆွေးနွေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၀) က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆သောင်းကျော်ကိစ္စနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့အကြား အကျိုးအမြတ် ခွဲဝေမှုတွေကို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စတွေကို ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေက တစ်ပြိုင်တည်းမတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။

ဦးကျော်အောင်လွင်ရဲ့ ဆွေးနွေးချက်တွေထဲက လက်ပံတောင်းတောင်စီမံကိန်းနဲ့ တပ်သိမ်းမြေကိစ္စတွေဟာ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တပ်မတော်ရဲ့ ဥပဒေနဲ့အညီ လုပ်ဆောင်ချက်တွေအပေါ် ပြည်သူလူထုအနေနဲ့ အထင် လွဲမှားမှုတွေ ဖြစ်စေနိုင်သလို လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း အမြင်သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်စေနိုင် တာကြောင့် ကန့်ကွက်ကြောင်းနဲ့ လွှတ်တော်မှတ်တမ်းတွေထဲကနေ ထုတ်နှုတ်ပယ်ဖျက်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက စာတင်သွင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။