အစိုးရမပြောင်းခင် ပုဂ္ဂလိကထံ လွှဲပြောင်းနေမှု ရပ်တန့်ပေးဖို့ အရေးကြီးအဆိုတင်
2016.02.25
အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းခင်မှာ နိုင်ငံပိုင်မြေ၊ စက်ရုံနဲ့ စီမံကိန်းတွေကို ပုဂ္ဂလိကထံ အလျင်အမြန် လွဲှပြောင်းတာတွေကို စိစစ်ဟန့်တားပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီးမှာ နိုင်ငံပိုင်စက်ရုံ၊ မြေ၊ စီမံကိန်းတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေကို ညှိနှိုင်းမှုတွေ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်စလို စီမံခန့်ခွဲဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်ပြခဲ့ပါတယ်။
"ရွေးကောက်ပွဲ ပြီးစီးပြီး အစိုးရသစ် စတင်တာဝန်ယူရန် ၁ လကျော်ခန့်သာလိုတော့သော ယနေ့အချိန်မျိုး မှာ နိုင်ငံတော်အစိုးရက ထမ်းဆောင်နေတဲ့ အဓိကတာဝန်ကြီးဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကို ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အစိုးရတာဝန်လွှဲပြောင်းခြင်းဟာ အထူးဦးစားပေး လုပ်ငန်းပဲဖြစ်သင့်ပါတယ်၊ သို့သော်လည်း အစိုးရဝန်ကြီးဌာနအချို့ တိုင်းဒေသကြီး အစိုးရအချို့တို့က လိုအပ်သောအစီအမံများ၊ ကြိုတင်ဆောင်ရွက်မှုများ၊ သဘောတူညှိနှိုှုင်းမှုများ မပြုလုပ်ဘဲ တာဝန်မလွှဲပြောင်း မီ အလျင်စလိုလုပ်ဆောင်နေမှုများကို တွေ့ရှိနေရပါတယ်"
ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေဟာ လက်ပံတောင်းကြေး နီစီမံကိန်း၊ ဒဂုံစီးတီးစီမံကိန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနီးက မြေနေရာတွေကို ပုဂ္ဂလိကထံ လွဲှပြောင်းတာ၊ ကျူးကျော်တွေကို မြေနေရာပြင်ဆင်ပေးတာ မရှိဘဲ ဖယ်ရှားတာ စတဲ့ ကိစ္စတွေကို ဆောင်ရွက်နေကြောင်း ဒေါ် ခင်စန်းလှိုင်က တင်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီး စီးပွားရေးဦးပိုင်အပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပြည်သူပိုင်လုပ်ငန်းတွေ ငှားရမ်းရောင်းချလုပ်ပိုင်ခွင့်ပေးတာတွေ၊ နေပြည်တော်ကို ရွှေ့ပြောင်းပြီးမတိုင်ခင်နဲ့ ၂ဝ၁၁ အစိုးရသစ် လက်ထက်မှာလည်း အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်ကို မသိခဲ့ရကြောင်း လည်း ပြောခဲ့ပါတယ်။
ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က ထောက်ခံပြီး အဆိုကို လွှတ်တော်မှာ ဆွေးနွေးသင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၇၈ မဲ၊ ကန့်ကွက်မဲ ၁၃၂ မဲ ရှိတဲ့အတွက် အဆိုကို မနက်ဖြန် ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။