အဖွဲ့တချို့ ချန်လှပ်ထားခဲ့ရင် NCCT မှ ထွက်ဖို့ စဉ်းစားမည်


2015.05.24
ncct-upwc-305 မြန်မာငြိမ်းချမ်းရေးစင်တာမှာ UPWC နဲ့ NCCT တို့ရဲ့ ၅ ရက်ကြာ ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Myo Zaw Ko , Kyaw Htoon Naing/ RFA

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲမှာ ကိုးကန့်၊ ပလောင် နဲ့ ရခိုင့်တပ်မတော် အဖွဲ့တွေကိုချန် ထားခဲ့မယ်ဆိုရင် မိမိတို့အနေနဲ့ NCCT ခေါ် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ကနေ နှုတ်ထွက်ဖို့အထိ ဆွေးနွေးသွားမယ်လို့ TNLA ပလောင် လွတ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မပါဝင်ဘဲ ချန် ထားခဲ့မယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောထားတဲ့အတွက် KNU ကရင်အမျိုးသားအစည်း အရုံး ထိမ်းချုပ်နယ်မြေ လော်ခီးလာညီလာခံ မှာ ဆွေးနွေးသွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အထွေထွေအတွင်းရေးမှုး ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။

"မြန်မာအစိုးရဘက်က ဦးအောင်မင်းတို့၊ သမ္မတ ဦးသိန်းစိန်တို့ပြောနေတဲ့ အခုရှိတဲ့ တပ်ဖွဲ့တွေနဲ့ လက်မှတ်ထိုးသွားမယ်၊ ကျန်တဲ့ဟာက နောက်မှထား မယ်ဆိုတဲ့ ပုံစံမျိုး၊ ဒါကကျန်တဲ့အဖွဲ့တွေကို ခွဲခြား ဆက်ဆံတဲ့ သဘောရှိတယ်၊ ဒါက ကျနော်တို့ကြားထဲမှာ တော်တော်လေးကို ဆွေးနွေးရမယ့် သဘောရှိတယ်၊ ဒီလိုတိုက်ပွဲ တအားပြင်းနေတဲ့ အချိန်မှာ ကျန်တဲ့အဖွဲ့တွေက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မလား၊ တစ်ပြည် လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ရှေ့ဆက် သွားနိုင်မလားဆိုတာ ကျနော်တို့ အဲ့ဒီမှာ အသေ အချာဆွေးနွေးဖို့လိုတယ်"

အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုတဲ့အခါ လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ NCCT အဖွဲ့ ဝင် MNDAA ကိုးကန့်တပ်ဖွဲ့ ၊ AA ရက္ခိုင့် တပ်မတော်နဲ့ TNLA တအာင်းတပ်ဖွဲ့တွေကို ချန်ထားပြီး နောက်မှ ဆက်လက် ဆွေးနွေးမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ လာမယ့် ဇွန်လ ၂  ရက်နေ့ကနေ ၆ ရက်နေ့အထိ ငါး ရက်ကြာကျင်းမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ရဲ့ညီလာခံကို MNDAA ကိုးကန့်တပ်ဖွဲ့ ၊ AA ရက္ခိုင့်တပ်မတော်နဲ့ TNLA တအာင်းတပ်ဖွဲ့တို့ပါ တက်ရောက်သွားမှာဖြစ်ပါတယ်။

အဲဒီညီလာခံဟာ အစိုးရနဲ့ သဘောတူထားတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း NCA အပေါ် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ အတည်ပြုချက်ကို ရယူသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းက 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ညီလာခံမှာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်ဖို့ ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့စတဲ့ သဘောတူညီ ချက်တွေကို ထုတ်ပြန်ခဲ့ ပါတယ်။

PSLF/TNLA က ဗိုလ်မှူးကြီး တာဖုန်းကျော်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။